News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည်
ရန်ကုန်၊ ဇူလိုင် ၁၀

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသို့ သုံးရက်အကြာ ရောက်ရှိလာသော ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယာကွာက ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ခရီးစဉ်နောက်ဆုံးရက်ဖြစ်သော ဇူလိုင်လ ၁၀ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါထောက်ပံ့မှု အစီအစဉ်တွင် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်း အားလုံးအတွက် အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင် နိုင်ရေးနှင့် စာသင်ကျောင်း၊ ဆေးရုံကဲ့သို့ သော လူမှုဝန်ဆောင်မှုကောင်းများရရှိရန် ရည်ရွယ်ထောက်ပံ့ခြင်းဖြစ်သည်။

၎င်း၏ ယခုခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကဏ္ဍအလိုက် သီးခြားစီတွေ့ခဲ့ကာ ဒေါ်လာသန်း ၂၀၀မှ ၂၅၀အထိ ကနဦး ဘဏ္ဍာရေး အကူအညီ ရရှိနိုင်မည့် စီမံကိန်းများ စတင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်သွားမည့်အချက်များ ဆွေးနွေးခဲ့သည်။

“၁၀ ရက်နေ့ ညပိုင်းလောက်ပြန်မှာပါ။ ရခိုင်ပြည်နယ်အတွက် ထောက်ပံ့တာကတော့ အစိုးရက လက်ခံပြီဆိုတာနဲ့ အမြန်ဆုံး လုပ်ဆောင်သွားမှာပါ”ဟု ကမ္ဘာ့ဘဏ် ရန်ကုန်ရုံး၏ ပြန်ကြားရေး တာဝန်ခံ ကိုကျော်စိုးလင်းက ပြောကြားသည်။

ယခုလဆန်းပိုင်းက ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ၏ ဘင်္ဂလားဒေ့ရှ်၌ ဘင်္ဂါလီပြဿနာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအား ဖိအားပေးသည့်အနေနှင့် ကမ္ဘာ့ဘဏ်၏ နောက်လာမည့် စီမံကိန်းများတွင် ငွေကြေးကူညီရန် အဆိုပြုမှုအားလုံးကို ရပ်တန့်ထားမည်ဆိုသည့်သတင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Independence သတင်းစာက ဇူလိုင်လ၂ ရက်က ရေးသားထားခြင်းကြောင့် ကမ္ဘာ့ဘဏ်က ပြန်လည် ဖြေရှင်းခဲ့ရသေးသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အလှူငွေ၊ ချေးငွေနှင့် နည်းပညာ အကူအညီများပေးရန် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ပြီး ငါးနှစ်အတွင်း လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဒေါ်လာသန်းနှစ်ထောင်ကျော်နှင့် ညီမျှသော ဖွံ့ ဖြိုးရေးအကူအညီ၊ နည်းပညာ အကူအညီ၊ မူဝါဒအကူအညီများ ပေးအပ်ထားကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းအချက်အလက်များအရ သိရသည်။

ဝေလင်း