News

POST TYPE

POPULAR POST

လူနာသေဆုံးမှုအတွက် သမ္မတရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တိုင်ကြား
09-Jul-2018

ရန်ကုန်၊ ဇူလိုင် ၉ 

ဆာလဖာ (Sulphur) နှင့် လုံးဝမတည့်သည့် လူနာတစ်ဦးဖြစ်သော မမေဇင်နွယ် သေဆုံးခြင်းနှင့်ပတ်သက်၍ ၎င်းအား ကုသမှုပေးခဲ့သည့် သမားတော်ကြီးဦးရဲမြနှင့် ရွှေဂုံတိုင် အထူးကုဆေးရုံကြီး တာဝန် ရှိသူများကို ထိရောက်စွာ စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တိုင်ကြားထားကြောင်း သေဆုံးသူ၏အစ်ကိုဖြစ်သူ ဦးတင်အောင်ဟိန်းက ပြောကြားသည်။

“လောလောဆယ်တော့ ဘာမှမလုပ်သေးဘူး။ နိုင်ငံတော် သမ္မတကြီးနဲ့ ကျန်းမာရေးဝန်ကြီးဆီ တိုင်ထားတာက ဘာမှတော့ အဖြေမရသေးဘူး။ ဆေးကောင်စီကတော့ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးဘက် မလိုက်ဘဲနဲ့ စစ်ဆေးပါမယ်ဆိုတာတော့ ရလာပါပြီ”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင် အထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ပြီး အသက်သေဆုံးခဲ့သည့် အသက် ၃၆ နှစ်အရွယ် မမေဇင်နွယ်သည် Sulphur နှင့် မတည့်သည့် လူနာဖြစ်ကြောင်း မှတ်ချက် ရေးထားသော်လည်း Sulphur အပြည့်နီးပါး ပါဝင်သည့် Megatrim-DS ဆေးပြား စုစုပေါင်း ၈၀ ကျော်ကို ရက်ပေါင်း ၁၈ ရက်အတွင်း နေ့စဉ် တိုက်ကျွေးခဲ့မှုကြောင့် အသက်မသေသင့်ဘဲ သေဆုံးခဲ့ရကြောင်း၊ ယင်းအတွက် တာဝန်ရှိသူများကို ထိရောက်စွာ စစ်ဆေး အရေးယူပေးရန် သေဆုံးသူ၏ဖခင် ဦးတင်မြင့်က မြန်မာနိုင်ငံ ဆေးကောင်စီထံသို့ တိုင်ကြားသည့် အချက်များတွင် ဖော်ပြထားသည်။

ထို့ကြောင့် သေဆုံးသူဘက်မှ တိုင်ကြားထားခြင်းနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ ဆေးကောင်စီထံသို့ သွားရောက် မေးမြန်းခဲ့သော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည် ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အသက်သေဆုံးခဲ့သည့် မမေဇင်နွယ်သည် နေမကောင်းသဖြင့် သမားတော် ဦးရဲမြနှင့်ပြသခဲ့ရာ နမိုးနီးယားရောဂါဖြစ်ကြောင်း၊ ရွှေဂုံတိုင် အထူးကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ရမည် ဆိုသောကြောင့် ဧပြီလ ၅ ရက်မှ ၁၀ ရက်အထိ ဆေးရုံတက်ရောက်ကုသခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် နေကောင်းလာသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် ပြန်လည်ပြသခဲ့ရာ ဆေးရုံ တက်ရမည်ဆိုသောကြောင့် မေလ ၁၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ထပ်မံ တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားသည့် တိုင်ကြားစာအရ သိရသည်။

“ဆေးစာအုပ်တွေလည်း အခိုင်အမာ ရှိတယ်။ ဦးရဲမြရဲ့မှတ်ချက်ကလည်း ဆေးစာအုပ်မှာပါပြီးသား။ ဆေးကမတည့်ရင် အဆိပ်ပဲ”ဟု သေဆုံးသူ၏ဖခင် ဦးတင်မြင့်ကဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သမားတော်ကြီးဦးရဲမြကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းမှာ ခွဲစိတ်ကုသမှုခံယူကာ အနားယူမှုပြုရန် လိုအပ်ခြင်းကြောင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေကြောင်း ပြန်လည် ဖြေကြားသည်။

အဆိုပါလူနာသည် ၂၀၀၅ ခုနှစ်မှ စတင်၍ သမားတော်ကြီး ဦးရဲမြနှင့်ပြသခဲ့သည့် ပြင်ပလူနာတစ်ဦးဖြစ်ပြီး ဆရာဝန်ကြီးအနေနှင့်လည်း ထိုအချိန်မှစ၍ အစွမ်းကုန် ကုသမှုများ ပေးခဲ့ကြောင်း၊ လူနာအနေနှင့် ပြင်ပလူနာဌာနသို့ ပုံမှန် လာရောက်ခြင်း မရှိသည့်အတွက် လူနာဆေးယဉ်ပါးမည်စိုးသဖြင့် လာရောက်ပြသရန် ကိုယ်တိုင် ခေါ်ယူမှုများရှိခဲ့ကြောင်း ရွှေဂုံတိုင် အထူးကု ဆေးရုံကြီးမှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

“ဒီစာကို မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ထားတဲ့အတွက် အစ်မတို့က ဖြေကြားခြင်း မပြုနိုင်ဘူး။ မှတ်ချက်မပေးလိုပါဘူး။ အစ်မတို့ဘက်ကတော့ ဆေးကောင်စီရဲ့ ညွှန်ကြားချက်ကို စောင့်ရမှာ”ဟု ၎င်းကဆိုသည်။