News

POST TYPE

POPULAR POST

ပြည်သူပိုင်လမ်းတွင် အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားပါက ထောင်ဒဏ် သုံးလအထိ ချမှတ်မည်
08-Jul-2018


ရန်ကုန်၊ ဇူလိုင်၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူပိုင် လမ်းနယ်နိမိတ်တွင် အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားခြင်း၊ စက်ပျက်ယာဉ်ပြုပြင်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်အထိ ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

“အများပြည်သူလမ်းမှာ အကြာကြီး ရပ်ထားတာတို့ပါသလို၊ မရပ်ရနေရာ၊ ဖြူနီကျားနေရာတို့ဆိုတာ ဥပဒေအရကို ရပ်ခွင့်မပေးထားဘူးဆိုတော့ အကုန်ပါတယ်။ ပြစ်ဒဏ်အပေါ် မူတည်ပြီး ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်နားခြင်း၊ ပြုပြင်ခြင်းနှင့် ဥပဒေအတိုင်း ယာဉ်သွားလာခြင်း၊ ရပ်ခြင်းကို အနှောင့်ယှက်ဖြစ်စေသည့် အတားအဆီးများ ပြုလုပ်ပါက ငွေဒဏ်ကျပ် တစ်သိန်းမှ ငါးသိန်းအထိ ချမှတ်မည်ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံ ကျူးလွန်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင်ပါရှိသည်။

“တိုင်းဝန်ကြီးချုပ်က အတည်ပြုလိုက်ပြီး ဆိုပေမယ့် မြန်မာနိုင်ငံပြန်တမ်းက အတည်ပြုမှ ဥပဒေက စတင်အသက်ဝင်မယ်။ ကူးပြောင်းရေး ကြားကာလမှာ ပညာပေးတွေ၊ ဟောပြောပွဲတွေ လုပ်ရဦးမယ်။ ပြည်သူတွေကို အသိပေးပြီးမှ စတင် အရေးယူမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဥပဒေအသက်ဝင်လာသည့်အချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မော်တော်ယာဉ်များ၊ ယာဉ်အို၊ ယာဉ်ဟောင်းများ အများပြည်သူပိုင်လမ်းတွင် အချိန်ကြာမြင့်စွာ ရပ်နားထားပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ကျပ်သုံးသောင်း ဒဏ်ရိုက် အရေးယူနိုင်ကြောင်း အမှတ်၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က မော်တော်ယာဉ်များ၊ ယာဉ်အိုများ အချိန်ကြာမြင့်အောင် ရပ်နားခြင်းကြောင့် လမ်းပိတ်ဆို့မှုများနှင့် လမ်း၏ဥပဓိရုပ်အား အကျည်းတန်စေသောကြောင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား ဖယ်ရှားရမည်ဖြစ်ပြီး ပျက်ကွက်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖယ်ရှားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည်။

J-06