News

POST TYPE

POPULAR POST

သပိတ်ကျင်းတွင် အများပိုင်ကုမ္ပဏီသစ်တစ်ခု ထူထောင်
08-Jul-2018
မန္တလေး၊ ဇူလိုင် ၇

ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် “ရွှေသပိတ်ကျင်းဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ” အမည်ဖြင့် အများပိုင်ကုမ္ပဏီသစ်တစ်ခုကို သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

သပိတ်ကျင်းဒေသရှိဒေသခံများ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် အများပိုင်ကုမ္ပဏီကို တည်ထောင်ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်ဇော်ဦးက ပြောကြားသည်။ 

“ဒီဒေသမှာ လုပ်ကိုင်ခွင့်အတော်များများကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ဦးပိုင်က လက်ဝါးကြီးအုပ်ထားတာ”ဟု ၎င်းက ပြောဆိုသည်။ 

သပိတ်ကျင်းမြို့နယ်အတွင်း အများပိုင်ကုမ္ပဏီများ တည်ထောင်ထားသော်လည်း မည်သည့်ကုမ္ပဏီမျှ လုပ်ကိုင်ခွင့်မရသေးကြောင်း ယင်းမြို့နယ် အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးဖုန်းမြင့်နိုင်က ပြောကြားသည်။ 

“အများပိုင်ကုမ္ပဏီတွေသာ လုပ်ကိုင်ခွင့်ရရင် ဒေသခံတွေ အလုပ်အကိုင်အခွင့် အလမ်းတွေများလာမှာပါ”ဟု ၎င်းက ပြောဆိုသည်။ 

ကုမ္ပဏီအနေနှင့် သပိတ်ကျင်းဒေသရှိ ရွှေနှင့်အခြားသယံဇာတ တူးဖော်ရေးလုပ်ငန်းများ၊ သစ်တောထွက်ပစ္စည်းများ၊ လုပ်ယာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားရန်ရည်ရွယ်ပြီး ယင်းကုမ္ပဏီတွင် အဖွဲ့ဝင်ဒါရိုက်တာ ခုနစ်ဦးပါဝင်ကာ ကနဦးရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်းတစ်ထောင်ခန့်ဖြင့် စတင်ခဲ့ကြောင်း ဦးတင်ဇော်ဦးက ထပ်မံပြောကြားသည်။ 

“ဒေသဖွံ့ ဖြိုးတိုးတက်ဖို့ဆိုရင် ဒီဒေသက အများပိုင်ကုမ္ပဏီတွေကို အစိုးရအနေနဲ့ ဦးစားပေးလုပ်ကိုင်ခွင့် ပေးသင့်တယ်”ဟု ၎င်းက ပြောဆိုသည်။ 

သပိတ်ကျင်းဒေသတွင် အများပိုင်ကုမ္ပဏီ ကိုးခုခန့်ရှိသော်လည်း အများစုသည် အခက်အခဲများနှင့် ရုန်းကန်နေရဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ 

ယခုဖွဲ့စည်းလိုက်သော ရွှေသပိတ်ကျင်းဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် ကုမ္ပဏီများ မှတ်ပုံတင်ရုံး၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄၉ ရာခိုင်နှုန်းကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ ထပ်မံသိရသည်။ 

M-08


  • VIA