News

POST TYPE

POPULAR POST

စီရော်နယ်ဒို၏လုပ်ခလစာကို Fiat ကားကုမ္ပဏီ ပေးချေမည်၊ အလုပ်သမားများ ဒေါသပေါက်ကွဲ
07-Jul-2018


တူရင်၊ ဇူလိုင် ၇

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်နှင့် အကျိုးတူပူးပေါင်းရေးစာချုပ် ချုပ်ဆိုထားသည့် စီးပွားရေးလုပ်ငန်းစုများအနက်တွင် တစ်ခုအပါအ၀င်ဖြစ်သော Fiat ကားကုမ္ပဏီသည် စီရော်နယ်ဒိုကို ဂျူဗင်တပ်ပေးချေရန် စီစဉ်ထားသော လုပ်ခလစာအနက်မှနေ၍ အစိတ်အပိုင်းတစ်ရက်ကို ၎င်းတို့ဘက်က အကုန်အကျခံပေးမည်ဟု တရားဝင် အသိပေးထားပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ဂျူဗင်တပ်သည် စီရော်နယ်ဒိုကို တစ်နှစ်လုပ်ခအဖြစ် အခွန်ဆောင်ခြင်း အပြီးအစီး ပေါင်သန်း ၃၀ ပေးချေသွားမည်ဖြစ်ပြီး Fiat ဘက်က စီရော်နယ်ဒို၏လုပ်ခလစာကို အစိတ်အပိုင်းတစ်ရပ် ပါဝင်အားဖြည့် ပေးချေသွားမည့်သတင်းများ ထွက်ပေါ်လာအပြီးတွင် ယင်းကုမ္ပဏီ၌ တာဝန်ထမ်းဆောင်နေသော လုပ်သားများမှာ ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲနေကြပြီဖြစ်သည်။

Fiat ကားထုတ်လုပ်ရေးလုပ်ငန်းစုထံတွင် စက်ရုံလုပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူများသည် ၎င်းတို့ကို ကုမ္ပဏီဘက်က လုပ်ခလစာတိုးမြှင့်မပေးသည်မှာ ဆယ်နှစ်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ စီရော်နယ်ဒို၏လုပ်ခလစာကို ဂျူဗင်တပ်အသင်းကိုယ်စား မပေးချေဘဲ ၎င်းတို့ကို လုပ်ခလစာတိုးပေးမည်ဆိုပါက တစ်ဦးလျှင် တစ်လလုပ်ခ ပေါင် ၁၈၀ ပိုရနိင်ခြေရှိကြောင်း မကျေမချမ်း ပြောကြားထားပြီး Fiat မှာ လက်ရှိတွင် တိုက်စစ်မှူး ဟီဂူအင်၏လုပ်ခလစာကို ပေးချေရာ၌ အသင်းနှင့်အတူ အကျိုးတူပူးပေါင်းထားကြောင်း ဂျူဗင်တပ်အင်းတာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုထားပြီဖြစ်သည်။

Fiat ကားထုတ်လုပ်ရေးလုပ်ငန်းစုသည် တစ်နှစ်လျှင် စပွန်ဆာကြေးပမာဏ ပေါင် ၁၁၂ သန်းအထိ အသုံးပြုလျက်ရှိပြီး ယင်းငွေများအနက်မှနေ၍ ပေါင် ၂၃ ဒသမ ၅ သန်းကို ဂျူဗင်တပ်တစ်သင်းတည်းကို စပွန်ဆာပေးရန် Fiat က သုံးစွဲနေခြင်းဖြစ်သည်။

ဂျူဗင်တပ်သည် စီရော်နယ်ဒိုအပြောင်းအရွှေ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းထားပြီးဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေကာ အသင်းနှစ်သင်းအကြားတွင် ယခုအပြောင်းအရွှေ့အတွက် ပေါင် ၈၈ သန်းဖြင့် သဘောတူညီမှုရထားခြင်းဖြစ်သည်ဟု Marca သတင်းစာက ရေးသားထားသည်။