News

POST TYPE

POPULAR POST

ဒီမိုကရေစီ အစိုးရနှင့် သတင်းလွတ်လပ်ခွင့် (Daily, Vol-4/No-148)
29-Sep-2016

ပုံနှိပ်ဖော်ပြမည့် စာ၊ အရုပ်၊ ဓာတ်ပုံနှင့် ကြော်ငြာများ အားလုံးကို ဆင်ဆာဖြတ်တောက် ခံပြီးမှ အများပြည်သူ ဖတ်ရှုရန် ထုတ်ဝေခွင့် ရခဲ့သော စစ်အာဏာရှင် အုပ်ချုပ်သော ကာလ ကျော်ဖြတ်လာခဲ့သော ယနေ့အချိန်တွင် သတင်း လွတ်လပ်ခွင့် ရှိသလော ဆိုသောမေးခွန်းကို ချက်ချင်း ဖြေကြားရန် မလွယ်ကူလှပေ။

အရပ်သား တစ်ပိုင်း အစိုးရ လက်ထက်က ရေးသား၊ ဖော်ပြ၊ ဝေဖန်နိုင်ခဲ့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နယ်ပယ်များ အားလုံးကို ယနေ့ ထိုအချိန်ကအတိုင်း ထုတ်ဖော် ဝေဖန် ရေးသားနိုင်ကြသလောဆိုသော မေးခွန်းကို ထပ်ဆင့် မေးစရာ ဖြစ်လာသည်။

သာမန်အားဖြင့် ကြည့်ပါက ပြည်သူလူထုက ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက် ပေးလိုက်သော ပြည်သူ့ ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော်မှတစ်ဆင့် ပေါ်ပေါက်လာသော ပြည်သူအများစု လက်ခံသည့် အစိုးရအဖွဲ့ အုပ်ချုပ်နေသော အချိန်တွင် အတိတ် ကာလများထက်စာလျှင် သတင်း လွတ်လပ်ခွင့် ပိုရှိမည်ဖြစ်သည်။

သို့သော် လက်တွေ့ အခြေအနေတွင်မူ မထိ၊ မတို့၊ မပြော၊ မရေး၊ မလွှင့်ရဲသော အကြောင်းအရာများ ရှိနေဆဲ သို့မဟုတ် ထိန်းသိမ်းနေရဆဲ သို့မဟုတ် သတင်းသမားများ ကိုယ်တိုင် အဂတိ ရှိနေသောကြောင့် မထိ၊ မကိုင်ရဲသော ပြဿနာများ ရှိနေသလော ဆိုသော မေးခွန်းပေါ်လာသည်။

အဂတိဟု ဆိုရာတွင် လာဘ်လာဘ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောက်တရားကြောင့် ဖြစ်သော ဘယာဂတိ၊ စိတ်ဆိုး၊ မုန်းတီးခြင်းကြောင့် ဖြစ်သော ဒေါသာဂတိ၊ ချစ်ခြင်းကြောင့် ဖြစ်သော ဆန္ဒာဂတိတို့ကြောင့် တမင် ရေးသား ထုတ်လွှင့်ခြင်း၊ တမင်ထိမ်ချန်ခြင်း ကဲ့သို့ အဂတိများကို ဆိုလိုသည်။

သတင်း လွတ်လပ်ခွင့်သည် သတင်း မေးမြန်း၊ စုံစမ်း၊ ရေးသား၊ ထုတ်ဝေခြင်းကို တိုက်ရိုက်ဟန့်တား နှောင့်ယှက်ခြင်းမှ လွတ်ကင်းကာ လွတ်လပ်စွာ ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်နိုင်ခြင်းဟု ဆိုနိုင်သော်လည်း သွယ်ဝိုက် ဟန့်တားမှုများ ရှိနေပါက သတင်း လွတ်လပ်ခွင့် ရှိသည်ဟု ယတိပြတ် ပြော၍ မရပေ။

ဒီမိုကရေစီ နိုင်ငံ တစ်ခုနှင့် မလျော်ညီလှသည့် ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်သူ့ဘဏ္ဍာငွေများ အသုံးပြု ထုတ်ဝေနေသော နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများ ယနေ့အချိန်အထိ ထုတ်ဝေ လည်ပတ်နေခြင်းကလည်း ပုဂ္ဂလိက သတင်းမီဒီယာများ ရပ်တည်ရေးကို ခက်ခဲစေသည်။

ချွေးနှဲစာဖြင့် မရှုံးရန် ပင်ပန်း ဆင်းရဲစွာ အထူး ကြိုးစား ရပ်တည်ထုတ်ဝေ နေရသည့်အပြင် သတ်မှတ်ထားသော အခွန်အခများကိုလည်း ရှုံးနေသည်ဖြစ်စေ နိုင်ငံတော်ထံ ပုံမှန်ပေးသွင်း ထမ်းဆောင်နေကြရသော ပုဂ္ဂလိက သတင်းမီဒီယာများ ထိုသို့ ရပ်တည်ရန် ခက်ခဲလာခြင်း၊ ရပ်နားသွားခြင်းတို့မှာ ဒီမိုကရေစီကို အလေးထား ထူထောင်နေသော နိုင်ငံတစ်ခုအတွက် ကောင်းသည့် လက္ခဏာ မဟုတ်ပေ။

ဒီမိုကရေစီ အစိုးရ တစ်ရပ် အနေနှင့် ပုံစံတူ၊ သံတူကြောင်းကွဲ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာ နှစ်စောင်ကိုပင် တစ်စောင်တည်းပေါင်း ထုတ်ဝေကာ နိုင်ငံ့ဘဏ္ဍာငွေလည်း လျှော့ချ၊ ပုဂ္ဂလိက သတင်း မီဒီယာများကိုလည်း ဦးစား ပေးသည့် သဘောမျှလောက်ကိုပင် ယနေ့အချိန်အထိ မလုပ်နိုင်သေးသည့်အပြင် အွန်လိုင်း မီဒီယာကိုပါ တိုးချဲ့ရန် ဟန်ပြင်နေပေသည်။

လွှတ်တော်ကဲ့သို့ လွတ်လပ် ပွင့်လင်းကာ ဒီမိုကရေစီကို အထူးလေးစား တန်ဖိုးထားရမည့် နေရာမျိုးတွင်ပင်  ပြည်သူလူထု ကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များ၏ ဆွေးနွေး ပြောဆိုချက်များကို ပြည်သူလူထုထံ ပြန်ကြားပေးသည့် တာဝန်ကို ထမ်းဆောင်နေကြသော သတင်း မီဒီယာများကို ရုပ်သံ ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှု သတင်း ရယူနေရခြင်းမှာ များစွာ အရုပ်ဆိုးလှသည်။

သတင်း လွတ်လပ်ခွင့်သည် သတင်းသမား တစ်ဦးချင်း၊ သတင်းမီဒီယာ တစ်ခုချင်းစီ၏ အခွင့်အရေး မဟုတ်ဘဲ သတင်းသိခွင့် ရှိသော ပြည်သူလူထု တစ်ရပ်လုံး၏ အခြေခံ အခွင့်အရေး ဖြစ်သည်ဆိုသော အချက်နှင့် ယင်းအခွင့်အရေးကို သတင်း မီဒီယာများက ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်ကြောင်း သိထားသင့်ပေသည်။

ထို့ကြောင့် ပြည်သူ့ဘဏ္ဍာ၊ ရိက္ခာများ အသုံးပြုထားသည့် နိုင်ငံပိုင် အစိုးရအာဘော် သတင်းမီဒီယာများကြောင့် ပုဂ္ဂလိက သတင်းမီဒီယာများ ရပ်တည်ရေး ခက်ခဲစေခြင်း၊ သတင်း ရယူခွင့် ကန့်သတ် ခွဲခြားထားခြင်း၊ အဂတိ တရားများကြောင့် စတုတ္ထမဏ္ဍိုင် ထမ်းဆောင်ရမည့် တာဝန် ပျက်ကွက်နိုင်ခြင်း တို့သည်လည်း ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သတင်း လွတ်လပ်ခွင့် သို့မဟုတ် ပြည်သူလူထု၏ သတင်း သိပိုင်ခွင့်ကို ဟန့်တား နှောင့်ယှက်ရာ ရောက်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၂၉-၉-၂ဝ၁၆)

  • VIA