News

POST TYPE

POPULAR POST

ဆီးသီးဈေးမကောင်း၍ ဆီးပင်များခုတ်ရောင်း
04-Jul-2018



မုံရွာ၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆီးပင်စိုက်ပျိုးမှုများသော ကနီမြို့နယ်တောင်ပိုင်းတွင် ဆီးသီးဈေးကောင်းမရသဖြင့် တောင်သူများက ဆီးပင်များကို ထင်းအဖြစ်ခုတ်လှဲကာ ရောင်းချမှုများရှိနေကြောင်း သမင်ခြံကျေးရွာ ဒေသခံများထံမှသိရသည်။

ဆီးသီးအခြောက်တစ်ပိဿာလျှင် ယခင်နှစ်က ကျပ် ၃၀၀ ရရှိသော်လည်း ယခုနှစ်တွင် ကျပ် ၁၂၀ သာ ရရှိခြင်း၊ အားကိုးအားထားပြုရသော ပဲစင်းငုံဈေး မရသဖြင့် ကနီမြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများဖြစ်သည့် ချောင်းမ၊ သမင်ခြံ၊ မုဋ္ဌော၊ ငါးဖျက်၊ ပန်းဆိုင်းစသည့် ကျေးရွာတောင်သူများက ဆီးပင်များခုတ်ကာ ခြောက်ဘီးယာဉ်တစ်စီးလျှင် ကျပ်သုံးသိန်းဖြင့် ရောင်းချနေကြောင်း သမင်ခြံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးလွင်က ပြောသည်။

“ဆီးဈေး မကောင်းတာ လေးနှစ်ရှိပြီး မနှစ်ကတစ်နှစ်ပဲ အသင့်အတင့်ရှိတယ်၊ တောင်သူတွေက ပဲစင်းငုံရှုံးတယ်၊ ဆီးသီးရှုံးတယ်ဆိုတော့ သူတို့စားဝတ်နေရေး ဖြေရှင်းဖို့အတွက် ဆီးပင်တွေ ခုတ်ရောင်းရတာပဲ၊ ဆီးပင်တွေ အတက်ပြန်ပေါက်သီးနိုင်ဖို့ ၂ နှစ်လောက်တော့ စောင့်ရမယ်”ဟု ဦးမိုးလွင်က ဆိုသည်။

အလေ့ကျပေါက်သည့် ဆီးအချဉ်ပင်များကို အခေါက်ထိုးစနစ်ဖြင့် အချိုပင်ဖြစ်အောင်ပြောင်းလဲပြီး ဆီးသီးရင့်မှည့်ချိန် ပြာသိုလ၊ တပို့တွဲလများ၌ ခြွေချကောက်ယူ၍အခြောက်ခံကာ မုံရွာပွဲရုံများထံပို့ ရောင်းချကြသည်။ 

မြို့နယ်တွင်းတောင်သူအများစုမှာ သီးနှံဈေးမကောင်း၍ ထန်းပင်များကို ထင်းအဖြစ် ခုတ်လှဲရောင်းချမှုများကြောင့် ထန်းပင်များ ကုန်သလောက်ရှိနေကြောင်း အုပ်ချုပ်ရေးမှူး ဦးမိုးလွင်က ဆိုသည်။ 


  • VIA