News

POST TYPE

POPULAR POST

Mytel ၏ ပရိုမိုးရှင်းအစီအစဉ်တစ်ခု ရပ်ဆိုင်းရန် ဝန်ကြီးဌာနညွှန်ကြား
03-Jul-2018



ရန်ကုန်၊ ဇူလိုင် ၂

ပြည်တွင်းဆက်သွယ်ရေးဈေးကွက်သို့ နောက်ဆုံးဝင်ရောက်လာသော ဆက်သွယ်ရေးအော်ပရေတာ Mytel ၏ ပရိုမိုးရှင်းအစီအစဉ်တစ်ခုကို ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

Mytel ၏ Shake Shake အစီအစဉ်က သုံးစွဲသူများကို ပြန်လည်ပေးအပ်သော ကံစမ်းမဲဆုများသည် ဝန်ဆောင်မှုအားလုံးကို အခမဲ့အသုံးပြုနိုင်သည့်သဘောမျိုး သက်ရောက်နေမှုကြောင့် ရပ်ဆိုင်းစေလိုက်ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောကြားသည်။

“ကံစမ်းမဲဆိုတာမျိုးက ကံကောင်းမှ တစ်ကြိမ်လောက် ပေါက်ရမှာလေ။ သူတို့အစီအစဉ်က အကြိမ်တိုင်းနီးပါးမှာ ဖုန်းခေါ်ဆိုခတွေ Data အသုံးပြုခတွေ ပေါက်နေတော့ Free Service သဘောမျိုး သက်ရောက်သွားတာ”ဟု ၎င်းကရှင်းပြသည်။

ဝန်ကြီးဌာနက ယှဉ်ပြိုင်မှုရှိနေသည့် ဈေးကွက်မျိုးသာဖြစ်စေပြီး ဈေးကွက်ပျက်ပြားအောင်လုပ်ဆောင်သည့် မည်သည့်ယှဉ်ပြိုင်မှုများကိုမဆို တားမြစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Mytel အနေနှင့်လည်း ဝန်ကြီးဌာန ညွှန်ကြားမှုအတိုင်း လိုက်နာလျက်ရှိပြီး လက်ရှိအချိန်တွင် အဆိုပါ Shake Shake အစီအစဉ်နှင့်ပတ်သက်ပြီး ပေးအပ်သည့်ဆုများကို ပြောင်းလဲပြင်ဆင်ထားပြီးဖြစ်ကြောင်း အဆိုပါအော်ပရေတာ၏ ပြန်ကြားရေးမန်နေဂျာ ဒေါ်ထက်ထက်ဝင့်လွင်က ပြောကြားသည်။ 

Mytel သည် ဗီယက်နမ်ကုမ္ပဏီ Viettel ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်သည့် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် သုံးစွဲသူပေါင်း တစ်သန်းကျော်အထိ ရှိပြီဖြစ်ကြောင်း အဆိုပါအော်ပရေတာထံမှ သိရသည်။

J-01

  • VIA