News

POST TYPE

POPULAR POST

မြန်မာသရက်သီး ဈေးကွက်ပျက်သည့်အနေအထားသို့ ဦးတည်
24-Jun-2018



မန္တလေး၊ ဇွန် ၂၃

တရုတ်ဈေးကွက်တစ်ခုတည်းကိုသာ အားထားနေရသည့် မြန်မာ့သရက်သီး ဈေးကွက်အနေအထားသည် ဈေးကွက်ပျက်သည့်အနေအထားသို့ ဦးတည်သွားပြီဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံများနှင့် သရက်ခြံပိုင်ရှင်များက သုံးသပ်ထားကြသည်။

တရုတ်နိုင်ငံတွင် ပေါင်းဆန် (လူကျန်း ပါ) ရွှေဟင်္သာသရက်သီးများ အချိန်စော ထွက်ပေါ်လာသည့်အတွက် မူဆယ် ၁၀၅ မိုင်သို့ လာရောက်ကြသော တရုတ်ဝယ်လက်များသည် ပေါင်းဆန်ဘက်သို့ ရောက်သွားခဲ့ပြီဖြစ်၍ မြန်မာ့သရက်သီးများသည် အဝယ်ဈေးကွက်တွင် ဒုတိယနေရာသို့ ရောက်ရှိသွားကြောင်း ခွာညိုသစ်သီးပွဲရုံ လုပ်ငန်းရှင် ဦးစိုင်းခင်မောင်က ပြောကြားသည်။ 

“ဒီကထွက်ချိန်နဲ့ အချိန်ကိုက်ထွက်လာတော့ သရက်ဈေးကွက်ကို အများကြီးထိခိုက်တယ်။ ဈေးကွက်မှာ ရိုက်ခတ်မှုရှိလာတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခင်က တရုတ်နိုင်ငံထွက် သရက်သီးများသည် ဇွန်လနောက်ဆုံးပတ်ရောက်မှသာ ပေါ်ထွက်လေ့ရှိသော်လည်း ယခုနှစ်တွင် ဇွန်လအစောပိုင်းကတည်းက ပေါ်ထွက်လာခဲ့ကြောင်း၊ တရုတ်သရက်သီးများသည် မြန်မာထွက်သရက်သီးများ၏အရသာကို မမီသော်လည်း သန့်ရှင်းမှုပိုင်းနှင့် အမြင်ပိုလှကြောင်း မူဆယ် ၁၀၅ မိုင်တွင် အရောင်းအဝယ်လုပ်ကိုင်နေသော သရက်ကုန်သည်များအဆိုအရ သိရသည်။ 

“လတ်ဆတ်သန့်ရှင်းမှု အားနည်းလို့ပါ။ တရုတ်ဝယ်လက်အတော်များများ တရုတ်ခြံတွေဘက် ပြန်လှည့်သွားပြီ။ ရွှေဟင်္သာ (သရက်) လည်း သိပ်မမျှော်လင့်နိုင်တော့ဘူး”ဟု ဦးစိုင်းခင်မောင်က ထပ်မံပြောကြားသည်။

တရုတ်သရက်သီးများ အချိန်စော ထွက်ပေါ်လာကတည်းက မြန်မာ့သရက်သီးဈေးကွက်အနေအထားသည် စိုးရိမ်စရာဖြစ်ခဲ့ကြောင်း စဥ့်ကိုင်မြို့နယ်ရှိ သမာဓိသရက်ခြံပိုင်ရှင် ဦးနေလင်းမောင်မောင်က ပြောဆိုသည်။

“ပထမကတည်းက ဈေးကွက်ပျက်နေတာ၊ အခုဆိုဈေးကွက်က ပိုပြီးပျက်နိုင်တဲ့အနေအထား”ဟု ၎င်းက ရှင်းကြသည်။ 

မန္တလေးဒေသထွက် သရက်သီးလက်ကျန်မှာ အနည်းငယ်သာရှိတော့သော်လည်း ဇွန်လ ၁၀ ရက်နောက်ပိုင်းမှ ထွက်ရှိသော တောင်ကြီး၊ ရပ်စောက်ဒေသများမှ သရက်သီးများသည် တရုတ်ဈေးကွက်တွင် နစ်နာဆုံးရှုံးမှုများရှိလာနိုင်ကြောင်း ဦးနေလင်းမောင်မောင်က ထပ်မံပြောဆိုသည်။ 

ပြည်တွင်းသရက်သီးထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်း မန္တလေးဒေသအနီးတစ်ဝိုက်ရှိ သရက်ခြံပိုင်ရှင်အချို့ထံမှ သိရသည်။ 

ခွာညိုသစ်သီးဒိုင်၏ ဇွန်လ ၂၃ ရက် နေ့ ထုတ်ပြန်သော သရက်သီးတစ်ခြင်း၏ဈေးနှုန်းများအရ ရွှေဟင်္သာအိတ်စွတ် တစ်ခြင်းလျှင် ၃၀မှ ၈၀ ယွမ်၊ စိန်တလုံး တစ်ခြင်းလျှင် ၃၀ မှ ၇၀ ယွမ်နှင့် ရင်ကွဲတစ်ခြင်းလျှင် ၁၅ မှ ၄၀ ယွမ်အတွင်းရှိပြီး ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ၂၀၈ ကျပ် ခန့်ရှိကြောင်းသိရသည်။

M-08

  • VIA