News

POST TYPE

POPULAR POST

နာမည်ကြီး MLM ကုမ္ပဏီကို အစိုးရ အမှုဖွင့်
ရန်ကုန်၊ ဇွန် ၁၈ 

သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်ရှိ နာမည်ကြီး MLM ကုမ္ပဏီတစ်ခုဖြစ်သော Aim Star Network (MNR) Co., Ltd. ကို ဇွန်လ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၃၁ ဖြင့် သာကေတနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ Multi Level Marketing စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပေါ် ထိရောက်စွာ တားဆီးအရေး ယူဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် ဖေဖော် ဝါရီလ ၆ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ရုံးတွင် Multi Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသော မူရင်းကုမ္ပဏီ ၂၈ ခုနှင့် ဆင့်ပွားကုမ္ပဏီ ၁၃ ခုတို့မှ ကုမ္ပဏီတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ဆုံခဲ့ပြီး စာရင်းဇယားများ၊ ဘဏ်ငွေဝင်ငွေထွက်ငွေမှတ်တမ်းများ၊ သွင်းကုန်လျှောက်ထားခြင်း၊ FDA ထောက်ခံချက် ရယူခြင်းများနှင့် အခွန်ပေးအပ်မှုများ၊ ကုမ္ပဏီများ၏ ရေးဆွဲတင်ပြလာသော စာရင်းဇယားများကို ဌာနဆိုင်ရာ အတည်ပြုချက် ပြန်ကြားချက်များနှင့်တိုက်ဆိုင် စစ်ဆေးစိစစ်ပြီးနောက် ပြည်ထောင်စုအစိုးအဖွဲ့ထံသို့ တင်ပြခဲ့သည်။ 

ထိုသို့စစ်ဆေးတင်ပြခဲ့ရာ Aim Star Network (MNR) Co., Ltd. မှ ရောင်းချလျက်ရှိသော ဖြည့်စွက်စာ (၁၇) မျိုး သည် FDA ၏ ထောက်ခံချက်ရယူခြင်းမရှိပဲ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် အသက် ၅၆ နှစ်အရွယ် ဒေါက်တာဥမ္မာစိုးဝင်းက အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် သာကေတနယ်မြေရဲစခန်းက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အလားတူ စစ်ဆေးပေါ်ပေါက်ခဲ့သည့် Entry Trading Co., Ltd. မှာ စားသောက်ကုန်တစ်မျိုးကိုလည်းကောင်း၊ J&C Center Import Export Co., Ltd.  မှ ဖြည့်စွက်စွာ ငါးမျိုးကိုလည်းကောင်း၊ Gift for Life Co., Ltd. မှ ဖြည့်စွက်စာ ၁၀ မျိုးနှင့် အလှကုန်ပစ္စည်း ၂၈၅ မျိုးကို လည်းကောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် တင်သွင်းလာသော အစားအသောက်အတွက် ကျန်းမာရေးထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခဲ့သည်ဟုဆိုကာ ဇွန်လ ၈ ရက်နေ့က ဗဟန်း မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။

J-16