News

POST TYPE

POPULAR POST

တရုတ်ဝယ်လိုအားကြောင့် မိုးမိပဲတီစိမ်း ဈေးကောင်းရ
မန္တလေး၊ ဇွန် ၁၆

ပဲတီစိမ်းစိုက်ခင်းများ ရိတ်သိမ်းချိန်တွင် မိုးမိခဲ့သော်လည်း တရုတ်ဝယ်လိုအားကြောင့် ဈေးကောင်းရနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်များက မိုးမိပဲတီစိမ်းများကို မန္တလေးနှင့်ရန်ကုန်မြို့တို့မှ ပဲခွဲစက်များက ဝယ်ယူအသုံးပြုကြသော်လည်း ယခုနှစ်တွင် တရုတ်က မိုးမိပဲတီစိမ်းကို ဝယ်ယူလျက်ရှိနေကြောင်း၊ မေလအတွင်းရွာသွန်းခဲ့သော မုန်တိုင်းမိုးကြောင့် ပဲတီစိမ်းစိုက် တောင်သူများအနေနှင့် ရိတ်သိမ်းချိန်၊ ဆွတ်ခူးချိန်၊ ခြွေလှေ့ချိန်နှင့် ကုန်ပစ္စည်း တင်ပို့ချိန်များအထိ မိုးဒဏ်ခံခဲ့ရကြောင်း မန္တလေးမြို့ခံ ပဲကုန်သည်များက ပြောဆိုသည်။

အိန္ဒိယက ပဲတီစိမ်းတန်ချိန် ၁၅၀,၀၀၀ ဝယ်ယူမည့်သတင်းကြောင့် ပြည်တွင်းထွက်ပဲတီစိမ်းများကို တရုတ်နိုင်ငံက ရသလောက်ဝယ်ယူခြင်း ဖြစ်နိုင်ကြောင်း စိုးဝင်းမြင့်ပွဲရုံလုပ်ငန်းရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“ကာလာပြောင်းတာကို အကြောင်းပြပြီး တရုတ်က ဈေးချဝယ်တာ၊ ဈေးနှိမ်ဝယ်တာတော့ရှိတယ်။ အိန္ဒိယကဝယ်တာနဲ့ ဈေးပြန်တက်သွားလိမ့်မယ်”ဟု ၎င်းက ရှင်းပြသည်။

ယမန်နှစ် ဇွန်၊ ဇူလိုင်ကာလများတွင် ပဲတီစိမ်း (အကောင်း) သုံးတင်းဝင် တစ်အိတ်လျှင် ၈၀,၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်း (မိုးမိ) တစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်အထက်အထိ ရရှိနေကြောင်း ဦးစိုးဝင်းမြင့်က ဆက်လက်ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ တစ်ရက်လျှင် ပဲတီစိမ်း (မိုးမိ) အိတ်အရေအတွက် ၂၅,၀၀၀ ခန့် ဝင်ရောက်နေရာ ဝင်လာသမျှ ပဲတီစိမ်းအားလုံး ရောင်းချနေရကြောင်း မန္တလေးပဲဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်တွင် ပြည်ပကဝယ်ယူလိုသူများသည့်အတွက် ပဲတီစိမ်းဈေးသည် ပြည်တွင်းဖွင့်ဈေးနှုန်းသာ အတည်ဖြစ်သောကြောင့် မြန်မာက ဈေးကွက်ကို ထိန်းချုပ်ထားနိုင်သည့် အနေအထားတွင်ရှိနေကြောင်း၊ လက်ရှိအနေအထားတွင် တရုတ်ဈေးနှိမ်ခြင်းကို ခံနေရသော်လည်း မိုးမမိပါက မြန်မာခေါ်ဈေးအတိုင်း တရုတ်ဘက်က ဈေးပေးဝယ်ရမည်ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။ 

မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး) ကုန်စည်ဒိုင်၏ ဇွန်လ ၁၅ ရက်နေ့ ထုတ်ပြန်သောဈေးနှုန်းများအရ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၂,၀၀၀ မှ ၁၁၄,၀၀၀ ကျပ်အထိရှိကြောင်း တွေ့ရသည်။

လတ်တလောတွင် ပဲတီစိမ်းကို ပခုက္ကူ၊ ရေစကြို၊ မုံရွာ၊ ရွှေဘိုဒေသများမှ ထွက်ရှိနေသည်။

M-08