News

POST TYPE

POPULAR POST

YBS ၂၁ ယာဉ်လိုင်းတွင် ယာဉ်စီးခပြေစာ ထုတ်ပေးသည့်စက် စမ်းသပ်
14-Jun-2018 tagged as ရန်ကုန် YBS

ရန်ကုန်၊ ဇွန် ၁၃

ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးသည့်အနေနှင့် ခရီးစဉ်အပိုင်းလိုက်ယာဉ်စီးခ ကျသင့်ငွေပြေစာထုတ်ပေးသည့်စက်ကို YBS ၂၁ ယာဉ်လိုင်းတွင် စမ်းသပ်တပ်ဆင်ထားကြောင်း  Power Eleven ကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာ ဦးတရုတ်လေးက ပြောကြားသည်။

“ယာဉ်မောင်းက ခရီးသည် တက်လာရင် စက်ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ပြေစာထွက်လာမှာပါ။ အဲဒီပြေစာကို ခရီးသည်က ကိုင်ထားရမယ်။ ပြေစာရဲ့ သဘောကကားခထည့်ပြီးကြောင်းပြတဲ့ သဘောတရားဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ခရီးသည် ယာဉ်ပေါ်တက်တက်ချင်း မှတ်တိုင်ကိုသိရှိရန် GPS ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး စတက်သည့် မှတ်တိုင်အမည်ဖြင့် ပြေစာထွက်လာမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ကျသင့်ငွေပြေစာထုတ်စက်မှာ တရုတ်နိုင်ငံထုတ်အမျိုးအစားဖြစ်ပြီး ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲသည့်ယာဉ်များတွင် တပ်ဆင်နိုင်ရန် ဆောင်ရွက်ဆဲဖြစ်ကာ လက်ရှိတွင် စမ်းသပ်ကာလဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကားပေါ်တက်တာနဲ့ ခရီးသည်က Cash Box ထဲ ယာဉ်စီးခထည့်လိုက်တာနဲ့ စက်က ပြေစာတွဲလောင်းကျလာတယ်။ ဒရိုင်ဘာက လက်မှတ်လေးယူသွားပါလို့ ပြောတယ်။ ကိုယ်က ယူလိုက်ရုံပဲ” ဟု YBS ၂၁ ယာဉ်လိုင်း စီးနင်းသည့် ခရီးသည် ဦးသန်းဌေးက ဆိုသည်။

ယာဉ်လိုင်းကုမ္ပဏီအနေနှင့် ခရီးသည် အတက်များ၍ လက်မှတ်ယူချိန် တစ်စောင်နှင့် တစ်စောင် အခက်အခဲမရှိ အလျဉ်မီအောင် စီစဉ်ထားသည်ဟု ယူဆရပြီး လက်မှတ်ပြေစာယူချိန်တွင် ခရီးသည်များ ရှေ့ပေါက်၌ ပိတ်မိနေခြင်းမရှိကြောင်း ၎င်းက ပြောကြားသည်။

လက်မှတ်ပြေစာစက်မှာ စက္ကူအလိပ် ထည့်ထားခြင်းကြောင့် စက္ကူလိပ်ကုန်ချိန် ယာဉ်မောင်းက ပြန်ဖြည့်နေချိန်တွင် အချိန်ကြန့်ကြာမှု မရှိစေရန်၊ စက်၏ သဘောအတိုင်း စာညပ်ခြင်း၊ ပိတ်ခြင်း မဖြစ်အောင် မည်သို့ဖြေရှင်းရန် ကြိုတင်ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။

လက်ရှိ Power Eleven ကုမ္ပဏီတွင် YBS ၂၁၊၂၂၊ ၄၁ ယာဉ်လိုင်းတို့ ပြေးဆွဲပြီး ယာဉ် ၄၃၀ စီး ကျော်ဖြင့် နေ့စဉ် ခရီးသည် သယ်ယူပို့ဆောင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06