News

POST TYPE

POPULAR POST

ခိုင်သင်းကြည်နဲ့ တွေ့ဆုံခြင်း
11-Jun-2018



“မမို့တို့၊ မကြီးစိုးတို့ဆိုတာလည်း ကိုယ်အရမ်းချစ်ခဲ့ရတဲ့၊ အားကျခဲ့ရတဲ့သူတွေဆိုတော့ သူတို့နဲ့ဆုံရတာကို ပျော်နေတာပဲ”

နာမည်ကျော်သရုပ်ဆောင် ခိုင်သင်းကြည်နဲ့တွေ့ဆုံပြီး ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “စိန်ယောက်မ” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့၊ ဟာသဇာတ်ကားတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် ခံစားမှုကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ရိုက်အကြောင်းကနေစပြီး ပြောပြပေးပါဦး။
KTK : စိန်ယောက်မကတော့ ပရိသတ်တွေ Trailer ထဲမှာ ကြည့်ခဲ့ရတဲ့အတိုင်းပါပဲ။ သမီးယောက်မတွေ မတည့်ကြတဲ့ ဇာတ်လမ်းမျိုးပေါ့။ မခိုင်က ကိုပြေတီဦးနဲ့ ချစ်သူတွေပေါ့။ မကြီးစိုးနဲ့ မမို့က သူတို့မောင်နဲ့ မခိုင်ကို သဘောမတူတော့ မယူခင်ကလည်း နှောင့်ယှက်ကြတယ်။ ယူပြီးတော့လည်း နှောင့်ယှက်ကြတယ်။ ရိုက်ကွင်းပေါ်မှာလည်း တော်တော် ပျော်ခဲ့ရပါတယ်။ မမို့တို့၊ မကြီးစိုးတို့ဆိုတာလည်း ကိုယ်အရမ်းချစ်ခဲ့ရတဲ့၊ အားကျခဲ့ရတဲ့သူတွေဆိုတော့ သူတို့နဲ့ဆုံရတာကို ပျော်နေတာပဲ။ ပြေတီဦးကလည်း သဘောကောင်းတဲ့ မင်းသားလေ။ ရိုက်ကွင်းမှာဆိုလည်း တစ်အိမ်စီက ချက်လာတဲ့ ထမင်း၊ ဟင်းတွေနဲ့ မခိုင်တို့ စုစားကြတယ်။ ရိုက်ရတာလည်း ဟာသကားဖြစ်နေတော့ ပိုပြီး ပျော်ဖို့ကောင်းတာပေါ့။

Voice : မခိုင်က အသွက်ကာရိုက်တာမျိုးနဲ့ဆိုရင် အရမ်းလိုက်ဖက်တယ်နော်။ ဇာတ်ကားထဲမှာ ယောက်မနှစ်ယောက်ကိုရွဲ့ပြီးကတဲ့အခန်းဆို တော်တော်ရယ်ရတယ်။
KTK : မခိုင်က အပြင်မှာလည်း သွက်သွက်လက်လက်နေတတ်တော့ အသွက်ကာရိုက်တာမျိုးက ကိုယ်နဲ့ ပိုလိုက်သလို ဖြစ်သွားတာပေါ့နော်။ ကိုယ်က အပြင်မှာလည်း ပေါတောတော နေတတ်တယ်။ ဣနြေ္ဒကြီးနဲ့ မနေတတ်ဘူးလေ။ ကိုယ်က ပေါ့ပေါ့ပါးပါးနဲ့ ပြောဆိုနေကျဖြစ်နေတော့ ရုပ်ရှင်ထဲမှာ ကိုယ်သရုပ်ဆောင်တာက အံဝင်ခွင်ကျ ဖြစ်သွားတဲ့သဘောပါ။ စိန်ယောက်မ ရုပ်ရှင်က ပရိသတ်တွေ ရယ်မောပျော်ရွှင်ရမယ့် ဟာသကားလေးပါ။ ရုပ်ရှင်ရုံမှာ လာကြည့်တဲ့ အချိန်နှစ်နာရီလောက်လေးအတွင်းမှာ ပရိသတ်တွေ စိတ်အပန်းပြေသွားမယ်လို့ မခိုင်ကတော့ ယုံကြည်ပါတယ်။

Voice : ဒီဇာတ်ကားက အရင်ကရိုက်ခဲ့ဖူးတဲ့ “ယောက်မရေ သူငယ်ချင်း” ဇာတ်ကားနဲ့ကျတော့ ဘယ်လိုကွာခြားလဲ။
KTK : စိန်ယောက်မ ရုပ်ရှင်က အရင်တုန်းက ဇာတ်ကားကို ပြန်ရိုက်တာတော့ လုံးဝမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေက လုံးဝကိုမတူတာပါ။ ဒီဘက်ခေတ် Plot တွေနဲ့ ပြန်ရိုက်တာပါ။ အရင်တုန်းက ကားနဲ့ Plot တွေ ဒိုင်ယာလော့ခ်တွေက တစ်စက်မှကို မတူတာပါ။ မခိုင်တို့ ဇာတ်လမ်းက အသစ်ပါ။ ဒါပေမဲ့လည်း ဇာတ်လမ်းတွေက ဒါတွေပဲရှိတာလေ။ ယောက်မတွေ အချင်းချင်းမတည့်ကြတာရှိမယ်။ ယောက္ခမနဲ့ ချွေးမရှိမယ်။ ဇာတ်ကားနာမည်တွေကလည်း ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ၊ ရှယ်ချွေးမ၊ စိန်ယောက်မတို့ ဒါတွေနဲ့ပဲ လည်နေတာပါပဲ။

Voice : ဟာသ ဇာတ်ကားတွေရုံတင်ရင် ဝေဖန်မှုတွေရှိတတ်တာဆိုတော့ မခိုင်တို့ သရုပ်ဆောင်တွေအတွက်ရော ဇာတ်ရွေးရတာ ဘယ်လိုအခက်အခဲတွေရှိလဲ။
KTK : မခိုင်တို့သရုပ်ဆောင်တွေအတွက်ကတော့ အခက်အခဲသိပ်မရှိပါဘူး။ ဟာသကားကတော့ ဟာသပုံစံပဲ ရိုက်တာပဲလေ။ အဓိကကတော့ ဇာတ်ကားမှာ ထည့်ရမယ့် Plot တွေကို စဉ်းစားရတဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတွေအတွက် ပိုခက်တာပါ။ သူတို့က ဇာတ်လမ်းတွေမတူအောင်၊ Plot တွေ မထပ်အောင် စဉ်းစားရတယ်။ မခိုင်တို့ကတော့ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်လမ်းကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ပြရုံပါပဲ။ သူတို့က အဆင်သင့်ပြင်ဆင်ပြီးသွားပြီလေ။ မခိုင်တို့က ခူးခပ်စားရုံပါပဲ။ ကိုယ်ရိုက်တဲ့အခါမှာတော့ လိုတိုး၊ ပိုလျှော့လေးလုပ်ပြီး သရုပ်ဆောင်ရုံပါပဲ။

Voice : ဟာသဇာတ်ကားတွေ ကမ်းလှမ်းတဲ့အထဲမှာမှ ကိုယ်မရိုက်ချင်လို့ ငြင်းခဲ့တဲ့ ဇာတ်လမ်းမျိုးရော ရှိလား။
KTK : ဇာတ်လမ်းတွေကတော့ ရိုက်သင့်၊ မရိုက်သင့် စဉ်းစားပြီးတော့ လက်ခံရတာပေါ့နော်။ တချို့လာပြောတဲ့ ဇာတ်လမ်းတွေလည်း မခိုင်မရိုက်တာ ရှိပါတယ်။ တလောကလာပြောတဲ့ ဇာတ်ကား တစ်ကားဆို လက်ခံပြီးသား စရန်ငွေတောင် ပြန်ပေးလိုက်တယ်။ မရိုက်ဘူး။ မခိုင်တို့ကျတော့ ကာရိုက်တာတစ်ခုကို ကြည့်သေးတယ်။ ဖေ့စ်ဘွတ်ခ်ရွာမှာဆို မခိုင် လင်တရူးမယ်၊ ပေါမယ်ပေါ့။ အဲ့ဒါမျိုးက ရူးလို့ရတယ်။ မခိုင်ငြင်းလိုက်တဲ့ကားမှာကျတော့ ကာရိုက်တာက အပျိုကြီး၊ ရှိသမျှလူကို လိုက်ကြိုက်နေတာဆိုတော့ မဖြစ်နိုင်ဘူး။ အပြင်က အပျိုကြီးတွေက အရမ်းအရှက်အကြောက်ကြီးတယ်။ ယူမယ့်လူမရှိလို့ အပျိုကြီးဖြစ်နေတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ ကြေးတွေများပြီး အပျိုကြီးဖြစ်နေတာ။ မခိုင်ကို လာပြောတဲ့ အပျိုကြီး ကာရိုက်တာက တွေ့သမျှ လိုက်ကြိုက် နေတော့ မရိုက်ချင်တဲ့အတွက် ငြင်းလိုက်တယ်။ ဒါပေမဲ့ ငြင်းရတဲ့ ဇာတ်ကားမျိုးက ဆယ်ကားမှာ တစ်ကားလောက်ပဲ ရှိပါတယ်။

သန့်ဇင်ဦး