News

POST TYPE

POPULAR POST

ကုမ္ပဏီသုံးခုကို အမျိုးသားအစားအသောက် ဥပဒေပုဒ်မဖြင့် အမှုဖွင့်
11-Jun-2018 tagged as ရန်ကုန် FDA

ရန်ကုန်၊ ဇွန် ၁၀

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်ထဲသို့ ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီသုံးခုကို ဗဟန်းမြို့မ ရဲစခန်းတွင် အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၃၁ ဖြင့် အမှုများ အသီးသီးရေးဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အရေးယူခံရသည့် ကုမ္ပဏီများမှ Entry Trading Co., Ltd. မှာ စားသောက်ကုန်တစ်မျိုးကို လည်းကောင်း၊ J&C Center Import Export Co.,Ltd. ဖြည့်စွက်စာ ငါးမျိုးကိုလည်းကောင်း၊ Gift for Life Co.,Ltd. မှ ဖြည့်စွက်စာ ၁၀ မျိုးနှင့် အလှကုန်ပစ္စည်း ၂၈၅ မျိုးကိုလည်းကောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တင်သွင်းလာသော အစားအသောက်အတွက် ကျန်းမာရေးထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခဲ့သဖြင့် ဇွန်လ ၈ ရက်နေ့က ဗဟန်းမြို့မရဲစခန်းတွင် ယင်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာများနှင့် တာဝန်ရှိသူများကို အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၃၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ Multi Level Marking စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပေါ် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ရုံးတွင် Multi Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသော မူရင်းကုမ္ပဏီ ၂၈ ခုနှင့် ဆင့်ပွားကုမ္ပဏီ ၁၃ ခုတို့မှ ကုမ္ပဏီတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ဆုံခဲ့ပြီး စာရင်းဇယားများ၊ ဘဏ်ငွေ ဝင်ငွေထွက်ငွေ မှတ်တမ်းများ၊ သွင်းကုန်လျှောက်ထားခြင်း၊ FDA ထောက်ခံချက် ရယူခြင်းများနှင့် အခွန်ပေးအပ်မှုများ၊ ကုမ္ပဏီများ၏ ရေးဆွဲတင်ပြလာသော စာရင်းဇယားများကို ဌာနဆိုင်ရာ အတည်ပြုချက် ပြန်ကြားချက်များနှင့် တိုက်ဆိုင်စစ်ဆေးစိစစ်ပြီးနောက် ပြည်ထောင်စုအစိုးအဖွဲ့ထံသို့ တင်ပြခဲ့သည်။

ယင်းနောက် စိစစ်စစ်ဆေးချက်များအရ အထက်ပါ ကုမ္ပဏီသုံးခုမှာ FDA ထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲမှ ဒေါက်တာဥမ္မာစိုးဝင်းက တရားလိုပြုတိုင်ကြားချက်အရ ဗဟန်းမြို့မရဲစခန်းတွင် ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာများနှင့် တာဝန်ရှိသူများကို အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၃၁ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03