News

POST TYPE

POPULAR POST

ဟင်္သာတတွင် သွေးလွန်တုပ်ကွေးအဖြစ်များ
10-Jun-2018
ဟင်္သာတ၊ ဇွန်၁၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ဟင်္သာတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများကြောင်း ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်ဇန်နဝါရီလမှမေလကုန်အထိ ဟင်္သာတခရိုင်ဆေးရုံကြီးတွင် လာရောက်ကုသမှုခံယူသည့် လူနာပေါင်း ၅၀ ကျော်ရှိပြီး သေဆုံးမှုမရှိသေးကြောင်း၊ဟင်္သာတခရိုင်ရှိ အခြားမြို့နယ်အချို့၌ သေဆုံးမှုအနည်းငယ်ရှိကြောင်း၊ အဆိုပါ သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းစာရင်း၌ ပြင်ပဆေးခန်းများ၌ ကုသမှုခံယူပြီး သက်သာပျောက်ကင်းသည့် စာရင်းများ ပါဝင်ခြင်းမရှိကြောင်း ယင်းဌာနထံမှသိရသည်။

ဟင်္သာတမြို့နယ်ရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် ကလေးသူငယ်အချို့နေထိုင်ရာ အိမ်ပတ်ဝန်းကျင်များနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်းအမြင့်ဆုံး ရပ်ကွက်များကို ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းအပြင် ပညာပေးဟောပြောခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်နေကြောင်း၊ ယင်းအပြင်ကျေးလက်ဒေသများထံ ကွင်းဆင်း၍ ပညာပေးဟောပြောခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ဟင်္သာတခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးသန္တာကြည်က ပြောကြားသည်။

“ဇွန်လနဲ့ဇူလိုင်လ ဩဂုတ်လတွေက သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံးပါ။ ဟင်္သာတမြို့ပေါ်မှာဆိုရင် တာကလေးရပ်ကွက်နဲ့ ကနောင်စုရပ်ကွက်က ဖြစ်ပွားနှုန်းပိုမြင့်ပါတယ်”ဟု ၎င်းက ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ခြင်ကိုက်မခံရအောင်နေထိုင်ခြင်းအပြင် နေအိမ်၌ ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို ယခင်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

ဟင်္သာတခရိုင်ဆေးရုံကြီးထံ လာရောက်ဆေးကုသမှုခံယူသည့် ကလေးများ၌ ခရိုင်အတွင်းရှိမြန်အောင်၊ ကြံခင်း၊အင်္ဂပူ၊ လေးမျက်နှာ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်များအပြင် အခြားမြို့နယ်များကလည်း နှစ်စဉ်လာရောက်၍ ဆေးကုသမှုခံယူရလေ့ရှိကြောင်း၊ အခြားမွေးကင်းစ ကလေးငယ်များအတွက်လည်း အထူးကြပ်မတ်ကုသပေးခြင်းကြောင့် အသက်ဆုံးရှုံးမှု လျော့ပါးလာကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးသူရကျော်က ပြောကြားသည်။

R-13



  • VIA