POST TYPE

POPULAR POST

မြန်မာတိုင်းမ် CEO အမှုဆောင်အရာရှိချုပ်ဟောင်းကို မူးယစ်မှုဖြင့်ဖမ်းဆီး
07-Jun-2018


ရန်ကုန်၊ ဇွန် ၇ 

ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံနှင့် Go မီဒီယာမန်နေဂျင်းဒါရိုက်တာအဖြစ်လုပ်ကိုင်နေသူ နိုင်ငံခြားသားနှစ်ဦး နေထိုင်သောနေအိမ်တွင် ဇွန်လ ၆ ရက် ည ၉ နာရီခန့်က မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ယင်းနေအိမ်တွင် မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချနေကြောင်း သတင်းအရ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေစစ်ဆေးရာ အိမ်ရှင်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ် အသက် ၆၀ အရွယ် Mr . Ross Strling  နှင့် Go မီဒီယာမန်နေဂျင်း ဒါရိုက်တာဖြစ်သည့် အသက် ၆၃ နှစ်အရွယ် Mr. John Mc Kenzie တို့နှင့်အပြင် လာရောက် သုံးစွဲနေသည်ဟုဆိုသော မြန်မာအမျိုးသားတစ်ဦး၊ အမျိုးသမီး ၆ ဦးတို့ကို WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ၇၀၀ ပြား၊ ICE ဟုယူဆရသော မူးယစ်ဆေးဝါး ၂၆၅ ဂရမ်၊ ဘိန်းဆီ ခဲ ၃ ခဲ၊ ဆေးခြောက်ဟုယူဆရသော အရိုးအရွက်ခြောက် ၁၅ ဂရမ်၊ ဘိန်းဖြူဟုယူဆရသော ဆေးဝါး ဝ ဒသမ ၂ ဂရမ်နှင့် သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူကို စစ်ဆေးဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်က အရင်တုန်းက Myanmar Time မှာ CEO အဖြစ် လုပ်ခဲ့ဖူးတယ်လို့ သိရတယ်။ သူတို့နှစ်ဦးက စီးပွားရေးဗီဇာနဲ့ နေထိုင်တာပါ၊ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံက ဩစတြေးလျနိုင်ငံသား၊​ Go မီဒီယာမန်နေးဂျင်းဒါရိုက်တာကတော့ ဗြိတိန်နိုင်ငံသားပါ၊ သူတို့နှစ်ယောက်က ဒီအိမ်ထဲမှာပဲ အတူနေကြတာ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းတို့ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေစဉ် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင်နေထိုင်သူ အသက် ၂၃ နှစ်အရွယ် မဟန်နီစိုး၊ သာကေတမြို့နယ်၊ ၁၀/ တောင်ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မဟေမန်လွင် (ခ) နန္ဒာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၅၃) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၁ အရွယ် မသူဇာ၊ တာမွေမြို့နယ်၊ အသောကလမ်းတွင်နေထိုင်သူ အသက် ၁၉ နှစ်အရွယ် မဝင်းဝင်း၊ မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်စံပြရပ်ကွက်တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် မနှင်းအိခိုင် (ခ) သော်တာ၊ ရန်ကင်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှ အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်နေသည့် အသက် ၅၄ နှစ်အရွယ် ဒေါ်တင်တင်ဝင်းနှင့် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်တွင်နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ဦးတူးတူး (ခ) စောမတ်သူးရှလတို့ကို တွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၉ ဦးကို ဗဟန်းမြို့မရဲစခန်းက မယ(ပ) ၄၂/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။;

J-16