News

POST TYPE

POPULAR POST

နေပြည်တော် ကျောက်မျက်ပြပွဲကြောင့် မန္တလေးကျောက်စိမ်းဈေးကွက်အေး


မန္တလေး၊ ဇွန် ၅

နေပြည်တော်တွင် ကျင်းပရန်ရှိနေသော ကျောက်မျက်ပြပွဲကြောင့် မန္တလေးမြို့၌ ကျောက်စိမ်းအရောင်းအဝယ် အေးသွားသည်ဟု မဟာအောင်မြေ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားသည်။

ကျောက်ဝိုင်းအတွင်းရှိ ကျောက်စိမ်းလွှာချပ်၊ အပွင့်၊ အရိုင်းတုံးနှင့် လက်ကောက်ဈေးကွက်ပါ အရောင်းအဝယ်နည်းနေသည်ဟု ကျောက်ကုန်သည်တစ်ဦးလည်းဖြစ်သူ ၎င်းက ပြောဆိုသည်။

နေပြည်တော်၌ ယခုလအတွင်းကျင်းပမည့် နိုင်ငံတကာကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများဝယ်ယူရန် စိတ်ဝင်စားမှု မြင့်မားနေသောကြောင့် လေလံဆွဲဝယ်ယူနိုင်ရန် အပေါင်ငွေတင်ထားခြင်းနှင့် လေလံအောင်မြင်ပါက ကျောက်ထုတ်နိုင်ရေးအတွက် ငွေကြေးအသုံးပြုနိုင်ရန် အရောင်းအဝယ်များကို ရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံ ကုန်သည်အချို့က ပြောဆိုသည်။

လက်ရှိ အရောင်းအဝယ်ဈေးကွက်တွင် ခါးကျောက် (သင့်တင့်သောအရည်အသွေးရှိ ကျောက်စိမ်း) နှင့် အောက်ကျောက် (ခါးကျောက်အောက်နိမ့်သော အရည်အသွေးရှိကျောက်များ) ပင် အရောင်းအဝယ်မရှိဖြစ်နေသည်ဟု ကျောက်စိမ်းကုန်သည် တစ်ဦးဖြစ်သူ ဦးဇော်ထိုက်က ပြောကြားသည်။

“အစီးလိုင်း (အရည်အသွေးမြင့် ကျောက်စိမ်း) လောက်ပဲဖြစ်တယ်။ ပြပွဲနီးတာကြောင့် အရောင်းအဝယ်အေးနေတာ” ဟု ၎င်းက ရှင်းပြသည်။

နေပြည်တော် ကျောက်မျက်ပြပွဲပြီးပါက မန္တလေးကျောက်စိမ်းဈေးကွက် အနည်းငယ်ပြန်ကောင်းလာနိုင်သည်ဟု မဟာအောင်မြေကျောက်ဝိုင်းရှိ ကုန်သည်များက ခန့်မှန်းထားသည်။

၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (၂၀၁၈) ကို နေပြည်တော်ရှိ မဏိရတနာခန်းမ၌ ဇွန်လ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။

M-08