News

POST TYPE

POPULAR POST

ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခကျော်ဇင်ဝေနှင့် တွေ့ဆုံခြင်း
06-Jun-2018 tagged as ကျန်းမာရေး

ကလေးဖြည့်စွက်စာ



“တချို့အားဆေးတွေရဲ့ ပြဿနာက ဝမ်းချုပ်သွားတတ်တယ်။ အားဆေးသောက်လေ ဝမ်းချုပ်သွားလေပဲ”

မွေးကင်းစမှ အသက်ခြောက်လအရွယ်ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်လိုအပ်ပြီး အသက်ခြောက်လကျော်သည့် အချိန်မှစတင်၍ ဖြည့်စွက်စာကျွေးရာတွင် လွဲမှားမှုများမဖြစ်စေရေးနှင့် မည်သို့ကျွေးသင့်ကြောင်းကို ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခကျော်ဇင်ဝေနှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးမိခင်တွေအနေနဲ့ ကလေးကိုနို့တိုက်ကျွေးတဲ့အခါမှာ လွဲမှားနေဆဲဖြစ်တဲ့အပြုအမူတွေက ဘာတွေများပါသလဲဆရာကြီး။
Dr.KZW : မိခင်တွေမလုပ်သင့်တာက အစားရှောင်တဲ့အလုပ်ကို မလုပ်သင့်ဘူး။ သာမန်လူတစ်ယောက် စားတဲ့ဥစ္စာကို တစ်ယောက်စာတောင် မဟုတ်ဘူး။ ကလေးအတွက် ရည်ရွယ်ပြီးတော့ နှစ်ယောက်စာတောင် စားရမယ့်သဘောရှိတယ်။ ကလေးအမေဟာ အစားရှောင်စရာမလိုဘူး။ ပထမခြောက်လအတွင်းမှာ မိခင်နို့တစ်ခုတည်းနဲ့ လုံလောက်တယ်။ ဒါက ကလေးတစ်ယောက်အတွက်တင် မဟုတ်ဘူး။ အမြွှာတွေအတွက်တောင် လုံလောက်တယ်။ မွေးစကနေ ခြောက်လအတွင်းမှာ မိခင်နို့တစ်မျိုးတည်း တိုက်တာကို Exclusive Breast Feeding လို့ပြောတာက ရေတောင်တိုက်စရာမလိုဘူးလို့ ပြောတာ။ ရေက မိခင်နို့ထဲမှာ ၇၀ ရာခိုင်နှုန်းလောက်က ပါပြီးသား။ ရေထပ်တိုက်ရင် ရေတွေနဲ့ဗိုက်ပြည့်သွားပြီး နို့သောက်တာနည်းသွားမှာစိုးလို့ပဲ။ ခြောက်လရောက်လာတဲ့အခါကျတော့ မိခင်နို့က မကောင်းတော့ဘူးပြောတာမဟုတ်ဘူး။ ကောင်းသေးတယ်။ ဒါပေမဲ့ ကြီးထွားလာတဲ့ ကလေးအတွက် လုံလုံလောက်လောက် မရှိတော့တဲ့အတွက် ဖြည့်စွက်စာကို ထပ်ကျွေးရတာ။

Voice : ဖြည့်စွက်စာ စကျွေးတဲ့အခါမှာရော ဘယ်လိုအစားအစာတွေနဲ့စပြီး ကျွေးသင့်ပါသလဲ။
Dr.KZW : ဖြည့်စွက်စာစကျွေးတဲ့အခါမှာ အဓိက Principle က သူ့ရဲ့လူမျိုး၊ မိသားစု၊ အသိုင်းအဝိုင်းထဲမှာ တစ်သက်လုံး နေထိုင်ပြီးတော့ စားသောက်သွားမယ့် အစားအစာနဲ့ လေ့ကျင့်ရတာ။ တခြားအစားအစာတွေနဲ့ လေ့ကျင့်ရတာမဟုတ်ဘူး။ လွယ်အောင်ပြောရရင် တရုတ်တစ်ယောက်ကို တရုတ်စာနဲ့လေ့ကျင့်ရမယ့် သဘောရှိတယ်။ ဒီလိုပဲ မြန်မာကလေးတစ်ယောက်က ဘာစားမှာလဲ။ ထမင်းနဲ့ ဟင်းစားသွားရမှာဆိုတော့ ဒီကလေးကိုကျွေးရမှာက ထမင်းကိုအခြေခံတဲ့ ဆန်ပြုတ်ကျွေးရမှာ။ ဆန်ပြုတ်ကို မနက်၊ နေ့လယ်၊ ညဆိုပြီး အဓိကအစားအစာ သုံးခါကျွေးရမယ်။ ဒီကြားထဲမှာ သရေစာနှစ်ခါစားလို့ရတယ်။ ဆန်ပြုတ်က ဘယ်လောက်ပါသင့်သလဲဆိုတော့ လေးဆပါသင့်တယ်။ အသားနဲ့ ငါးက တစ်ဆ၊ ကြက်သွန်နဲ့ချက်ထားတဲ့ ဆီချက်က တစ်ခါစားရင် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက် ဆမ်းပေးသင့်တယ်။ ဆားပါရမယ်။ ကလေးကို ဆားမကျွေးရဘူးလို့ ဘယ်သူတွေကပြောလဲတော့ မသိဘူး။ ဆားကိုကျွေးရမယ်။ ဆားမပါလို့ ပေါ့ပေါ့ကြီးဆို ဘယ်ကလေးမှမစားဘူး။ လူကြီးလည်း မစားဘူး။ လူတိုင်းက တစ်နေ့ကို ဆိုဒီယမ်ဆိုတဲ့ ဆားဓာတ်က လိုကိုလိုတယ်။ ဆားဓာတ် အရမ်းနည်းသွားရင် တက်တတ်တယ်။ ဆားဓာတ်က ရှိသင့်သလောက်ရှိရမယ်။ ဒီတော့ ဆန်ပြုတ်ကို ဘာလို့သုံးခါခွဲကျွေးသလဲဆိုတော့ ကလေးအစာအိမ်ကသေးတဲ့အတွက် လူကြီးလိုနှစ်ခါစားရင် မလုံလောက်ဘူး။ သုံးခါမျှ ကျွေးရမယ်။ ကြားထဲမှာတော့ သရေစာကျွေးပေါ့။ ဒါမျိုးနဲ့ တစ်ပတ်လောက် လေ့ကျင့်ရမယ်။

Voice : ဒီလိုလေ့ကျင့်တာတွေကို ဘယ်လောက်အထိ လုပ်ပေးဖို့လိုအပ်ပါသလဲ။
Dr.KZW : ငါးဆန်ပြုတ်ကို တစ်ပတ်၊ အသားဆန်ပြုတ်ကိုတစ်ပတ် အဲဒီလိုလေ့ကျင့်ရမယ်။ အသားကိုတော့ ကြိတ်ပြီးပြုတ်ရမယ်။ ပြုတ်ထားတဲ့အသားကို ဆန်ပြုတ်ထဲထည့်ပြီး နူးအိနေအောင်ပြုတ်ရတယ်။ အသား အဆီအနှစ်တွေ ပျော်ဝင်နေတဲ့ ဆန်ပြုတ်ကောင်းကောင်းကို ကျွေးစေချင်တာ။ အသားပြုတ်ရည်ထည့်ခိုင်းတာ မဟုတ်ဘူး။ အသားပြုတ်ရည်မှာ ဘာအာဟာရမှ မပါဘူး။ အဲဒီကနေ ပဲနီလေးနဲ့ ဆန်ပြုတ်ကို တစ်ပတ်လောက်လေ့ကျင့်ကျွေး၊ နောက်တစ်ပတ်ကျတော့ ကြက်ဥ၊ ငုံးဥတွေကို ကျက်နေအောင်ပြုတ်ပြီး အနှစ်ကို တစ်ပတ်ကျွေးကြည့်၊ အကာကို တစ်ပတ်ကျွေးကြည့်။ အဲဒါတွေကျွေးလို့ရတယ်ဆိုရင် တစ်နေ့တစ်လုံး ကျွေးသွားရမယ်။ နောက်ပိုင်းတော့ အာလူး၊ ဥနီစတဲ့ အသီးအနှံတွေကို တဖြည်းဖြည်းချင်း ထည့်သွားလို့ရတယ်။ အများကြီးလည်းမလိုဘူး။ ဒါတွေကို ဘာကြောင့် တစ်ခါတည်းရောမထည့်ခိုင်းရသလဲဆိုတော့ ကလေးက ဘယ်ဟာနဲ့မတည့်မှန်း မသိမှာစိုးလို့ပဲ။ ဥတွေကို မကျက်တကျက် မဟုတ်ဘဲ ကျက်အောင် လုပ်ခိုင်းရတဲ့အကြောင်းက ကြက်ငှက်တုပ်ကွေးရောဂါကို ကြောက်လို့ပဲ။ ဒီတော့ ဆန်ပြုတ်က ကျဲရာကနေ တဖြည်းဖြည်းပျစ်ပျစ်သွားမယ်။ ကလေးအသက် တစ်နှစ်လောက် ရောက်တဲ့အချိန်မှာ လူကြီးထမင်း ပျော့ပျော့ အဆင့်ရောက်သွားမယ်။ ဒါမှ သူလေ့ကျင့်ထားတဲ့အစာနဲ့တူတဲ့ ထမင်းနဲ့ ဟင်းကိုစားသွားတတ်မှာ။ ဒီလိုမဟုတ်ရင် လေ့ကျင့်တာကတစ်မျိုး၊ ပြောင်းကျွေးတာကတစ်မျိုးဆို မစားတတ်တော့ဘူး။

Voice : သရေစာကိုကျတော့ ဘယ်လိုအစားအစာတွေကနေ စကျွေးလို့ရပါသလဲ။
Dr.KZW : ကလေးအသက်တစ်နှစ်လောက်မှာ ထမင်းပျော့ပျော့ကို ကောင်းကောင်းကျွေးသွားမယ်။ ဒီကြားထဲမှာ သရေစာကို မုန့်လတ်လတ်ဆတ်ဆတ် ကျွေးလို့ရတယ်။ ဘီစကစ်ကို နို့ကလေးနဲ့ပဲဖြစ်ဖြစ် စိမ်ပြီးပျော့အောင် လုပ်ကျွေးလည်းရတယ်။ အသီးတွေကျွေးလည်း ရတယ်။ ဖီးကြမ်းငှက်ပျောသီးကို သုံးပုံတစ်ပုံလောက် တစ်နေ့နှစ်ကြိမ်ပေါ့။ ဒီထက်စားနိုင်ရင် တစ်ဝက်နှစ်ကြိမ်လောက်ကျွေး။ မီးဖုတ်ကျွေး စရာမလိုဘူး။ အူတိုင်မပါအောင် အပေါ်ယံကျွေးပေါ့။ တခြားအသီးအနှံတွေကိုလည်း ဒီပမာဏအတိုင်း ကျွေးလို့ရတယ်။ ဒါပေမဲ့ ပျားလိမ္မော်မကျွေးရဘူး။ အန်တဲ့အတွက် သူကကလေးတွေနဲ့ မတည့်ဘူး။ နို့ကိုကျတော့ ဆန်ပြုတ်တိုက်ပြီး မဝရင်ဖြည့်တိုက်လို့ရပေမယ့် ရှေ့ကနေကြိုမတိုက်ရဘူး။ ဗိုက်ပြည့်တော့ စားမှာမဟုတ်တော့ဘူး။ ဘာနဲ့ကျွေးကျွေး မစားတတ်ဘူးဖြစ်နေတဲ့ကလေးတွေကိုတော့ တစ်မျိုးပြန်ပြောင်း ကျွေးရမယ်။ နို့တွေ၊ သရေစာတွေလျှော့ပြီး အဓိက အစားအစာကို သုံးခါလို့သာပြောပေမယ့် စားတာ နည်းတဲ့ကလေးတွေကို ကြားထဲက သရေစာကျွေးတာကိုမကျွေးဘဲ အဓိကအစာကိုပဲ ငါးခါကျွေးပေါ့။ တစ်ခါကျွေးရင် မိနစ်နှစ်ဆယ်အတွင်း ပြီးအောင်ကျွေး၊ အချိန်အကြာကြီးမကျွေးနဲ့။ ဝင်သလောက်ပဲကျွေး။ စိတ်ရှည်ရှည်နဲ့ ကျွေးပါ။

Voice : ဟုတ်ကဲ့။ တချို့က ဆန်ကိုတိုက်ကျွေးတာတွေရှိတယ်။ ဒါတွေကရော လုပ်သင့်ပါသလား ဆရာကြီး။
Dr.KZW : ဆန်ပြုတ်ကို တိုက်ကျွေးတာတွေ မလုပ်စေချင်ဘူး။ ဆန်ခါတွေ၊ ပိတ်စိမ်းပါးတွေ၊ Blender တွေနဲ့ကြိတ်၊ စစ်ခွက်နဲ့ စစ်ချတာတွေ ဘာတစ်ခုမှ လုပ်စရာမလိုဘူး။ လူကြီးတွေ ဆန်ပြုတ်ပြုတ်သလို အိုးထဲမှာပဲ ဇွန်းသန့်သန့်နဲ့ချေပေး။ ကျိုတာလည်း မဟုတ်ဘူး။ အရည်နဲ့အဖတ်ကစပြီး ကျွေးရမယ်။ နောက်မှတဖြည်းဖြည်း ပျစ်ယူရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျိုလိုက်ရင် အီလည်လည်ဖြစ်သွားပြီး စားမှာမဟုတ်တော့ဘူး။ ဆန်ခါတွေဘာတွေနဲ့တိုက် ကျွေးတဲ့အခါကျ မသန့်တဲ့ပိုးဝင်သွားရင် ဝမ်းတွေလျှောလိမ့်မယ်။ နောက် Blender ရဲ့ ဒလက်ကို ဘယ်လိုမှ စင်အောင်ဆေးနိုင်မှာမဟုတ်ဘူး။ တစ်ချိန်မဟုတ် တစ်ချိန် ဝမ်းလျှောလိမ့်မယ်။ ပြီးတော့ စိစိညက်ညက် ကျေစရာလည်းမလိုဘူး။

Voice : ဆန်မှုန့်၊ ဂျုံမှုန့်တွေစတဲ့ အာဟာရမှုန့်တွေကရော အာဟာရလိုအပ်သလောက် ရနိုင်ပါသလား။
Dr.KZW : အာဟာရမှုန့်က ဘာပါသလဲဆိုတော့ ဆန်ပဲပါတာ၊ ဂျုံပဲပါတာ။ ကာဗိုဟိုက်ဒရိတ်တွေပဲပါ တယ်။ လိုချင်တဲ့ အသား၊ ငါး၊ ဥ၊ ဆီစတဲ့ ဟင်းသီးဟင်းရွက်တွေပါရဦးမယ်။ ဆန်တွေ၊ ဂျုံတွေ ချည်းပဲကျွေးရင် အသားတွေက ပွစိစိကြီးဖြစ်တယ်။ အဲဒီလို ချိုရဲရဲတွေပဲ ကြိုက်သွားတဲ့အခါကျရင် တစ်နှစ်ကျော်လည်းရောက်ရော ထမင်းပြောင်းကျွေးတော့ မစားတတ်တော့ဘူး။ လေ့ကျင့်တာကတစ်မျိုး၊ ပြောင်းကျွေးတာကတစ်မျိုးဆိုတော့ အဲဒီမှာဒုက္ခဖြစ်တာ။

Voice : ဟုတ်ကဲ့ပါ ဆရာကြီး။ တချို့မိခင်တွေကတော့ ကလေးအစားမစားလို့ဆိုပြီး အားဆေးတွေ တိုက်တာရှိတယ်။ ဒါတွေကရော မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်နိုင်ပါသလား။
Dr.KZW : အားဆေးက အဓိကမဟုတ်ဘူး။ တချို့က အားဆေးတွေ လာတောင်းကြတယ်။ ဒါက အဖြေမဟုတ်ဘူး။ သူက ဗီတာမင်-စီတို့၊ သတ္တုဓာတ်တို့ပဲပါတာ။ ဒီအပြင် တချို့အားဆေးတွေရဲ့ပြဿနာက ဝမ်းချုပ်သွားတတ်တယ်။ အားဆေးသောက်လေ ဝမ်းချုပ်သွားလေပဲ။ အောက်ကဝမ်းက မသွားတော့ အပေါ်ကစားချင်စိတ်က ပျောက်သွားလေပဲ။ ဒီတော့ အားဆေးပြန်ရပ်ပြီး ဝမ်းမှန်မှန်သွားအောင် ဝမ်းပျော့ဆေးတွေ ပြန်တိုက်ရတယ်။ ပြောချင်တာကတော့ မိခင်တွေရဲ့လုပ်ရပ်က ပြောင်းပြန်ဖြစ်နေတယ်။ ကလေးက မစားလို့မကျွေးဘူး။ အဓိက အစာကိုမကျွေးဘဲ မကျွေးသင့်တာတွေ လျှောက်ကျွေးတော့ အဲဒါတွေက ကလေးကို ဒုက္ခဖြစ်စေတဲ့အတွက် ဂရုစိုက်ကျွေးကြပါလို့ မှာချင်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ