News

POST TYPE

POPULAR POST

ရွှေဘိုတွင် လူတစ်ရာနီးပါး ဝမ်းပျက်ဝမ်းလျှောဖြစ်
02-Jun-2018

ရွှေဘို၊ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဒေသခံတစ်ရာနီးပါးမှ ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်အတွက် ကာလဝမ်းရောဂါ ရှိ မရှိကို သိရှိနိုင်ရန် ဝမ်းနမူနာနှင့် သံသယရှိ ရွာသောက်ရေကန်မှ ရေကို မန္တလေးမြို့၌ ဓာတ်ခွဲစစ်ဆေးရန် နမူနာပေးပို့ထားကြောင်း ရွှေဘိုခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။

ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့က ရွှေဘိုမြို့နယ်၊ တင့်တယ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် လူနာများပြားလာသည့် အတွက် ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်း ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ယင်းလူနာများအနက် ရွှေဘိုဆေးရုံတွင်တက်ရောက်ကာ ဆေးဝါးကုသမှု ခံယူခဲ့သည့် ကလေးလူနာနှစ်ဦးမှာလည်း သက်သာသွားပြီဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

“ကျေးရွာက လူနာတွေလည်း သက်သာနေပြီ။ ရိုးရိုးဝမ်းလျှောတာ ဖြစ်နိုင်တယ်”ဟု ဒေါက်တာ မောင်မောင်စိုးက ဆိုသည်။

အဆိုပါ ကျေးရွာတွင် မေလ ၂၉ ရက်နေ့က ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ များပြားနေသည့်အတွက် ပြည်သူ့ကျန်းမာရေးအဖွဲ့များက ချက်ချင်း ကွင်းဆင်းကာ ဆေးကုသမှုပေးခဲ့ရာ ယင်းနေ့၌ပင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၉၀ ဦးရှိကြောင်း၊ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နောက်ထပ် လူနာနှစ်ဦး ထပ်မံ တိုးလာပြီး ယင်းနောက်ပိုင်းတွင် လူနာ အသစ်ထပ်မံဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ ယင်းအခြေအနေနှင့်ပတ်သက်၍ ရောဂါ ထပ်မံဖြစ်ပွားမှု မရှိစေရန် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း ရွှေဘိုခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“ငါးရက်ဆက်တိုက် ခရိုင်ပြည်သူ့ကျန်းမာရေးကလည်း ကွင်းဆင်းကုသမှု တွေလုပ်ပေးတယ်။ ဒီနေ့ဆိုရင် ကျေးလက် ဆေးပေးခန်းမှာ တစ်ဦးမှ မရှိတော့ဘူး။ လုံးဝ အရှင်းပျောက်ကုန်ပြီ။ မန္တလေး ဆေးရုံကြီးနဲ့ ရွှေဘိုဆေးရုံကို တက်ရောက်ကုသနေတဲ့ ကလေးတွေလည်း ပြန်ဆင်းလာပြီ”ဟု ရွှေဘိုမြို့နယ်၊ တင့်တယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်သန်းက ပြောဆိုသည်။

R-09