News

POST TYPE

POPULAR POST

လွှတ်တော်က ဖြတ်တောက်ခဲ့သည့် ကျပ်သိန်းပေါင်းတစ်သိန်းကျော် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် အခြားကဏ္ဍများတွင်ခွဲဝေ
30-May-2018

မန္တလေး၊ မေ ၂၉

ဒုတိယအကြိမ်မြောက်ကျင်းပသည့် မန္တလေးတိုင်းလွှတ်တော်က ဖြတ်တောက်ခဲ့သော ဘဏ္ဍာငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်ကို ပညာရေးနှင့် ကျန်းမာရေးအပါအဝင် အခြားကဏ္ဍများအတွက် ပြန်လည်ခွဲဝေပေးခဲ့သည်။ 

ကျေးလက်လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း၊ သဘာဝဘေး ကူညီထောက်ပံ့ရေးလုပ်ငန်းတို့အတွက် ကျပ်သိန်းတစ်သောင်းစီ၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများအတွက် သိန်းနှစ်သောင်း၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း၊ အားကစားကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအတွက် ကျပ်သိန်းငါးထောင်စီ၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ် ၂၃,၄၆၉ ဒသမ ၁၈၀ သိန်း၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ မန္တလေးမြို့ပေါ် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများအတွက် ကျပ် ၁၃,၅၁၀ သိန်းတို့ သုံးစွဲသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“လွှတ်တော်က ဖြတ်တောက်လိုက်တဲ့အတွက် ခေါင်းစဉ်ပြောင်းသွားတယ်။ အရင်လျာထားတဲ့ငွေကို ခေါင်းစဉ်ပြောင်းသုံးတာပါပဲ”ဟု ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ပြီး မန္တလေးတိုင်း အစိုးရအနေနှင့် ခန့်မှန်းရငွေ ကျပ်သန်းပေါင်း ၂၀၇,၉၀၆ ဒသမ ၁၄၁ ရရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ပြည်ထောင်စုအစိုးရက ကျပ်သန်းပေါင်း ၁၁၄,၉၁၃ ဒသမ ၈၂၃ ထောက်ပံ့ပေးမည်ဖြစ်၍ ခန့်မှန်းအသုံးစရိတ်ကျပ် သန်းပေါင်း ၃၂၂,၈၁၉ ဒသမ ၉၆၄ ရှိမည်ဖြစ်သည်။ 

M-04

  • VIA