News

POST TYPE

POPULAR POST

ကျန်းမာရေးအာမခံ အမျိုးအစားသစ်နှစ်မျိုး ဇွန်လတွင် စရောင်းရန်စီစဉ်
25-May-2018

ရန်ကုန်၊ မေ ၂၄

ကျန်းမာရေးအာမခံ အမျိုးအစားသစ်နှစ်မျိုးကို လုပ်ကိုင်ခွင့်ရရန် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံသို့ တင်ပြထားပြီး ဇွန်လအတွင်း စတင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း ပုဂ္ဂလိကအာမခံ ကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ ကျန်းမာရေးအာမခံအမျိုးအစားနှစ်ခုမှာ တစ်ယူနစ် ကျပ် ၅၀၀၀ နှင့်ရောင်းချမည့် အာမခံနှင့် လက်ရှိရောင်းချနေသည့် တစ်ယူနစ် ကျပ် ၄၄,၀၀၀ တန်ကို ခံစားခွင့်တိုးထားပြီး ပရီမီယံကြေး လျှော့ချထားသည့် အမျိုးအစားများဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

“ဧပြီလတည်းက ရောင်းနိုင်ဖို့လုပ်ခဲ့တာ။ ကုမ္ပဏီတွေနဲ့ အာမခံကြီးကြပ်ရေးအဖွဲ့နဲ့ညှိနှိုင်းရင်း ဇွန်လအထိ ရောက်လာတာပေါ့။ ကျပ် ၅၀၀၀ တန်ဆိုရင် လူတစ်ယောက်ကို အများဆုံး ၁၀ ယူနစ်အထိ ဝယ်လို့ရတယ်” ဟု ဂလိုဘယ်ဝေါလ် အာမခံကုမ္ပဏီ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောကြားသည်။

လက်ရှိအသစ်ရောင်းချမည့် ကျန်းမာရေးအာမခံတွင် ဆေးရုံတက်မှလျော်ကြေးရမည်မဟုတ်ဘဲ ပုဂ္ဂလိကဆေးရုံတွင်ဖြစ်စေ၊ အစိုးရဆေးရုံတွင်ဖြစ်စေ သာမန်ဖျားနာမှုကို ပြင်ပလူနာဌာနတွင် ကုသလျှင်လည်း ဆေးကုသစရိတ်ကို လျော်ကြေးအဖြစ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဝင်ငွေမြင့်လူတန်းစားများအတွက်မူ ပရီမီယံကြေးမှာလည်း မြင့်မားသည့်အတွက် ရောဂါလိုအပ်ချက်အရ နိုင်ငံခြားတွင် ဆေးသွားရောက်ကုသလိုခြင်း၊ ဆေးစစ်မှုခံယူခြင်းများလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။ 

“ဒီတစ်ခေါက်ပြင်ဆင်လိုက်တဲ့ အာမခံအမျိုးအစားက အခြေခံလူတန်းစားတွေအတွက်ပါ ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်လို့ အရင်ကထက်ပိုပြီး လူတွေက စိတ်ဝင်စားမယ်ထင်ပါတယ်။ ကျန်းမာရေးအာမခံ စတင်တဲ့အချိန်ကစပြီး ကြည့်မယ်ဆိုရင် ဒီတစ်ကြိမ်က ဒုတိယအကြိမ်ပြင်ဆင်တာပါ” ဟု ယင်းလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ကျန်းမာရေးအာမခံကို ၂၀၁၅ နှစ်လယ်ပိုင်းမှ စတင်ရောင်းချခဲ့ကာ ပထဆုံးအကြိမ် မိတ်ဆက်ခဲ့စဉ်က တစ်ယူနစ်ကို ကျပ် ငါးသောင်းဖြင့် ရောင်းချခဲ့ပြီး လက်ရှိအချိန်တွင် တစ်ယူနစ်ကျပ် ၄၄,၀၀၀ ဖြင့် ရောင်းချလျက်ရှိကာ ဇွန်လတွင်ရောင်းချမည့်အမျိုးအစားသစ်တွင်မူ ပရီမီယံကြေးများ လျော့ကျလာမည်ဖြစ်သည်။

J-13