News

POST TYPE

POPULAR POST

ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
24-Sep-2016 tagged as NLD ANP

ရခိုင်အရေးကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ စင်မြင့်ပေါ်တွင် ပြောဆိုခဲ့သည်။ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်ကိစ္စ အပါအဝင် နားလည်မှုနှင့် ယုံကြည်မှု ရရှိရေးသို့ ဦးတည်သည့် ရေတို၊ ရေရှည်အစီအစဉ်များ၊ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါကြောင်း ပြောဆိုခဲ့သည်။ ယင်းအချိန်တွင် ကိုဖီအာနန် ကော်မရှင်ကို လက်မခံကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြန်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်းထားပါသည်။ 

Voice - ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်နယ်လွှတ်တော်က ကန့်ကွက်ကြောင်းအဆို အောင်မြင်သွားပြီးတဲ့ နောက် လက်ရှိအစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်လို့ထင်လဲ။

UUHS - ကျွန်တော်တို့ဘက်က စိုးရိမ်စိတ်နဲ့ တင်ပြတယ်။ ကျွန်တော်တို့ ပိုသိတယ်လို့ ထင်တယ်ပေါ့လေ။ နှလုံးသားရေးရာ အရရော၊ သမိုင်းကြောင်းအရရော သိတယ်ထင်လို့ စိုးရိမ်စိတ်နဲ့ တင်ပြတာပါ။ ဒီဘက်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံက လုပ်ထားတယ်ဆိုတဲ့ လမ်းကြောင်းပေါ့။ စေတနာနဲ့ လုပ်တာပါ။ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီမိုကရေစီနည်းအရ ကွာဟမှုလေးတွေ ရှိတာပေါ့။ အဲဒီကွာဟမှုက ဥပဒေကြောင်းဆိုင်ရာ ကိစ္စဖြစ်တော့ ပြည်နယ်က အတည်ပြုပြီ။ ပြည်သူ့လွှတ်တော်တော်က ကန့်ကွက်မဲများနဲ့ အတည်မပြုဘူး။ ဒီကိစ္စကို ဥပဒေပိုင်းအရပဲ လုပ်ရမှာပေါ့။ စိတ်ဝင်စားစရာ စီရင်ထုံးတစ်ခုလို ဖြစ်လာမယ်။ ကိုဖီအာနန်နဲ့ ကော်မရှင်ဖွဲ့တဲ့ ကိစ္စဟာ စေတနာနဲ့ လုပ်တာပါလို့ ထပ်ခါထပ်ခါ ပြောထားတယ်။ ရခိုင်လူ့အဖွဲ့အစည်းကို ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူးလို့ ပြောတယ်ဆိုတော့ ဘာပဲပြောပြော ကျွန်တော်တို့ ပြောတဲ့စကားကို တန်ဖိုးထားတယ်ဆိုတဲ့ သဘော ဖြစ်သွားတာပေါ့။

Voice - ပြည်နယ်လွှတ်တော်မှာ အတည်ပြုထားတဲ့ ကိစ္စဟာ ပြည်နယ်အစိုးရက လုပ်ကို လုပ်ရမယ်ဆိုတဲ့ သဘော ဖြစ်သွားပြီပေါ့နော်။

UUHS - အဲဒါလည်း ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်က အပြန်အလှန် ထိန်းကျောင်းလုပ်ဆောင်ရမယ့် ကိစ္စပဲ။ အဲတော့ ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရက အကောင်အထည်ကို ဖော်ရမယ်။ ဒါကို ကျော်လုပ်လို့ မရဘူးဆိုတဲ့ သဘောပဲ။ ကျော်လုပ်ရင်လည်း လွှတ်တော်နဲ့ အစိုးရကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ်။ အစိုးရအပေါ်မှာ မယုံကြည်ဘူးလို့ ပေါ်လာနိုင်တယ်။ အဲလိုဆိုရင်တော့ မကောင်းဘူးပေါ့။ အဲတော့ဒါကို ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြမယ်လို့ ထင်ပါတယ်။ အဓိကတော့ ဥပဒေကြောင်းအရာကိစ္စ ဖြစ်သွားပြီ။

Voice - ပြည်သူ (ပြည်သူ့လွှတ်တော်) မှာ အဆိုရှုံးပြီးတော့မှ ပြည်နယ်လွှတ်တော်မှ အဆိုအောင်မယ် ဆိုတာ သိရက်နဲ့ လွှတ်တော်ပိုင်းက ဘာလို့ လက်ခံဆွေးနွေးဖို့၊ ဆုံးဖြတ်ဖို့ ပြည်နယ်လွှတ်တော်က လက်ခံခဲ့တာလဲဆိုတာ ဆရာအမြင်ကို သိချင်ပါတယ်။

UUHS - ကျွန်တော် အဲဒီအသေးစိတ် အချက်တွေကိုတော့ မပြောတတ်ဘူးပေါ့နော်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်ထင်တယ် အတွေ့အကြုံက ထွက်လာမယ့် သင်ခန်းစာ ဖြစ်လာမှာပါ။ ကျွန်တော်တို့ စိုးရိမ်တာက တစ်ခါမှ မကြုံဖူးတဲ့ Process (လုပ်ငန်းစဉ်) လေးတွေ ဝင်လာတဲ့ ကိစ္စမျိုးတွေပေါ့။ သင်ခန်းစာဖြစ်မယ့် ကိစ္စ ဆိုတော့ စိတ်ခံစားမှုနဲ့လည်း မဖြေရှင်းချင်ဘူးလေ။ နှစ်ဖက်လုံးကတော့ အကောင်းဆုံးလို့ မျှော်လင့်ပြီးလုပ်ကြတာပဲလေ။

Voice - ပြည်နယ်လွှတ်တော်မှာ ကော်မရှင်ကို လက်မခံဘူး။ လွှတ်တော်အကြောင်းအရာအရ လွှတ်တော်က ချမှတ်ပေးတဲ့ ကိစ္စကို အစိုးရက လက်ခံပြီး မလုပ်ဆောင်ပေးဘူးဆိုရင် ပြည်နယ်မှာ လွှတ်တော်နဲ့ အစိုးရ ထိပ်တိုက်တွေ့မယ်။ လက်ခံတယ် ဆိုရင်လည်း ဒီက ပြည်သူ့လွှတ်တော်ရဲ့ ပယ်ချထားတဲ့ ကိစ္စကို ပြည်နယ်အစိုးရက အကောင်အထည် ဖော်ပေးတယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ဘယ်လိုဖြစ်လာနိုင်မယ် ထင်လဲ။

UUHS - တချို့ဥပဒေပညာရှင်တွေကတော့ ပြောတယ်။ ဒါဟာ အခြေခံဥပဒေခုံရုံးကို ရောက်မလား။ အဲဒီကိုပဲ ပို့မလားဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ နိုင်ငံတော် အတိုင်ပင်ခံက ဘယ်လိုလုပ်မယ် ဆိုတာလည်း မသိဘူးလေ။

Voice - ရွေးကောက်ပွဲပြီးတည်းက NLD နဲ့ ANP ပါတီကြားမှာ စိတ်သဘောထား မတူဘဲ အကြောင်းအရာတွေ၊ မတိုက်ဆိုင်တာတွေ ရှိနေခဲ့တာ ရှိခဲ့တယ်။ အခု လွှတ်တော်မှာ ဥပဒေပြုရေးအဆို၊ မေးခွန်းစတဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ ပါတီနှစ်ခုကြား ဘယ်လိုအခက်အခဲ ရှိနေပြီလဲ။

UUHS - ကျွန်တော်တို့ကတော့ အယူအဆမတူတဲ့ ကိစ္စကို လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာပေါ့။ အဲဒီသဘောပါပဲ။ ကျွန်တော်တို့ကတော့ ဒီမိုကရက်တစ် ပုံစံပါပဲ။ အားလုံးကို ထောက်ခံမှာလည်း မဖြစ်နိုင်သလို စိတ်ထားချင်း တစ်ထပ်တည်း ကျတာလည်း ရှိလိမ့်မယ်။ ဟတာရှိရင် ရှိမယ်။ ဆန့်ကျင်ဘက် သဘောဆောင်တာ ရှိချင်ရှိမယ်။

Voice - လွှတ်တော်မှာ ကိုဖီအာနန် ကော်မရှင်ကိစ္စကို ANP က အဆိုတင်တော့ NLD က ဆွေးနွေးချက်အချို့ကို လက်ခံစဉ်းစားဖို့ ခက်ခဲတဲ့ ပုံစံများ ရှိခဲ့သလား ခင်ဗျ။

UUHS - အဲဒီတင်တဲ့ အဆိုတုန်းက NLD က တချို့တော်တော်လေး ကောင်းတယ်။ မျှမျှတတတွေ ပြောတာရှိတယ်။ တချို့က အတင်းကြီး ဖိပြောတာတွေ ရှိတယ်။ တချို့လည်း ထပြီးသာ ပြောနေတာ ဘာမှကို ရေရေရာရာ မသိဘူး။ အဲဒီတော့ နည်းနည်းကန့်လန့်နိုင်တဲ့ စကားတွေ ပါတာတွေ ရှိတာပေါ့။ ကျွန်တော်တို့ ဖြစ်စေချင်တာက အဲဒီလို တကယ် နှစ်နှစ်ကာကာ သိတယ်ဆိုရင် ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ထပြောတာ ကောင်းမယ် ထင်တယ်။ ဒီပွဲမှာတော့ ငါထလိုက်မယ်ဆိုတဲ့ ပုံစံမျိုးကိုတော့ ပြည်သူ့လွှတ်တော် အမတ်တွေ ရှောင်သင့်ပါတယ်။

Voice - နောက်အကြောင်းအရာတစ်ခု အနေနဲ့ ANP မှာ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ထားတဲ့ ဒေါက်တာအေးမောင်ကို တော်တော်များများက ဝေဖန်မှုတွေ ပြင်းထန်ကြတယ်။ ကျွန်တော် သိချင်တာက ကိုယ့်ရဲ့ပါတီဥက္ကဋ္ဌကို ယုံကြည်မှု ဘယ်လောက်ရှိတယ်၊ မရှိဘူးဆိုတဲ့ သဘောထားကို သိလိုပါတယ်။

UUHS - ကျွန်တော်တို့ ပါတီ စဖွဲ့တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အားလုံး စုပြီးဖွဲ့တာပေါ့။ ဒေါက်တာအေးမောင်က သင့်တင့်တဲ့  ခေတ်ပညာလည်း ရှိတယ်။ စီမံခန့်ခွဲမှုနဲ့ တင်ပြပုံ တင်ပြနည်းတွေ ကောင်းတယ်ပေါ့။ စုပေါင်းခေါင်းဆောင်ပါ။ သူ့အနေနဲ့ နိုင်ငံရေးဖြတ်သန်းမှု အများကြီး မရှိဘူးပေါ့။ ဒါပေမဲ့ ဒီပါတီဟာ ဦးအေးမောင် ကိုယ်စားပြုတဲ့ ပါတီတော့ မဟုတ်ဘူးပေါ့။ မီဒီယာရဲ့ ပွင့်လင်းလာတဲ့ အချိန်ကာလမှ ဦးအေးမောင် ကိုယ်စားပြုတဲ့ ပါတီရယ်လို့ ဝေဖန်တာတွေ ရှိတယ်။ ဦးအေးမောင်ရဲ့ပါတီ ဆိုတာမျိုး ဝေဖန်တဲ့ အခါမှာလည်း ဦးအေးမောင်ရဲ့ အားနည်းချက်ကို ထောက်ပြီး ဝေဖန်ကြတယ်။ ကျွန်တော်တို့က မူနဲ့သွားနေတာပါ။

Voice - တချို့ပါတီတွေမှာက ပါတီဥက္ကဋ္ဌက လွှတ်တော် နိုင်ငံရေးကို လမ်းညွှန်တာတွေ ရှိခဲ့ကြတယ်။ ခု ANP ပါတီ ဥက္ကဋ္ဌ အနေနဲ့ရော အလားတူပုံစံမျိုး ရှိပါသလား ခင်မျ။

UUHS - ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဥက္ကဋ္ဌက လမ်းညွှန်တယ် ဆိုတာမျိုး လုံးဝမရှိပါဘူး။ အကုန်လုံး စုပေါင်းပြီး ပြဿနာကို အဖြေရှာရှင်းကြတာပါ။ တစ်ခါတစ်ခါ ပုဂ္ဂလိက အနေအထားအရ ဘေးလွတ်သွားတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့  ယေဘုယျကတော့ ဒီအတိုင်းပါပဲ။ ပင်လုံမှာ စာတမ်းတင်ခဲ့တယ်။ စာတမ်းကို အကုန်လုံး တိုင်ပင်ပြီး ရေးခဲ့တာပါ။ ဘယ်ဟာပဲလုပ်လုပ် စုပေါင်းခေါင်းဆောင်ပဲ လုပ်ကြတယ်။ ကိုဖီအာနန်ကို ကန့်ကွက်ဖို့ လိုတယ်ဆိုတဲ့ ကိစ္စကို အဆိုမတင်ခင်တည်းက ရခိုင်မှာရှိတဲ့ ပါတီဌာနချုပ်နဲ့ ဒီက လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ပင်ပြီး လုပ်ခဲ့ကြတာပါ။

Voice - ကော်မရှင်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွဲ့စည်းပြီး ဖြေရှင်းမယ်လို့ လုပ်ခဲ့တဲ့အပေါ်မှာ ဆရာ ဘယ်လိုမြင်လဲ ခင်ဗျ။ ဒီကိစ္စရဲ့ရလဒ်က ဘယ်လောက်အထိ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်လဲ။ ဖွဲ့ထားတဲ့ ကော်မရှင်နဲ့ ပတ်သက်ပြီး သူ့ (ဒေါ်အောင်ဆန်းစုကြည်) လုပ်ဆောင်မှု ကောင်းလာမယ်လို့ ယုံကြည်မိလား။

UUHS - ကျွန်တော်မြင်တာက ပိုတောင်ရှုပ်ထွေးသွားမလားလို့။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးမယ်လို့ ကြားတယ်။ သူတို့နိုင်ငံမှာ ရှုပ်ထွေးတဲ့ အပြုအမူဆောင်သူတွေ ရှိတယ်။ ပျော့ပျောင်းသူနဲ့ စိတ်ဓာတ်ပြင်းထန်သူတွေပေါ့။ အဲဒီမှာ သွားဆွေးနွေးမယ်ဆိုရင် နည်းနည်းလေး ကျွန်တော်တို့ စိုးရိမ်တယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ Weight (အား) တော့ ရှိတယ်။ ကြီးတယ်။ သူ့အနေနဲ့ ပါးပါးနပ်နပ် ဘယ်လိုလုပ်မလဲ။ ရခိုင်အပါအဝင် ပြည်ထောင်စု အကျိုးစီးပွား တစ်ခုလုံးကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ကျွန်တော်တို့ မခန့်မှန်းတတ်ဘူး။

ဒါပေမဲ့ ကျွန်တော်က သူ (ဒေါ်အောင်ဆန်း စုကြည်) လုပ်နေတာကို ကြည့်ရင်းကြည့်ရင်း အသည်းယားတယ်။ ကျွန်တော်တို့ကတော့ သူအကောင်းဆုံးလုပ်ဖို့ အဖြေတစ်ခုထုတ်ဖို့ ကြိုးစားတယ်လို့ ထင်တာပဲ။ ဒါပေမဲ့ သူကြိုးစားတာဟာ စေတနာပဲ ဖြစ်လိမ့်မယ်။ လက်တွေ့မှာ ရခိုင်ရဲ့ Reality ကို ထဲထဲဝင်ဝင်သိဖို့ လိုတယ်။ စေတနာတစ်ခုတည်းနဲ့ နိုင်ငံတကာရှုထောင့် အမြင်တွေနဲ့ လုပ်တယ်ဆိုရင် ကျွန်တော်တို့ဘက်က တစ်ခွန်းပဲပြောမယ်။ စိုးရိမ်တယ်ဗျာ ...၊ စိုးရိမ်တယ်။ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ ရခိုင်လူ့အဖွဲ့စည်းပဲ ထောင်းထောင်းကြေမှာပဲ။

Voice - လွှတ်တော်က လက်ရှိအချိန်မှာ ဘယ်လိုနိုင်ငံရေး၊ ဥပဒေပြုရေးကို သွားနေတယ်လို့မြင်လဲ ခင်မျ။ အစည်းအဝေး လုပ်နေတဲ့ သဘောမှာ အချိန်ဆွဲပြီး ကျင်းပနေတယ်လို့များ မြင်မိသလား ဆရာ။

UUHS - ကျွန်တော်ကတော့ လွှတ်တော်ကိုလည်း အားမရဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဘူး။ လွှတ်တော်မှာ အဆိုမဖြစ်သင့်တဲ့ အဆိုဖြစ်ပြီး ကိုယ့်ဂုဏ် ကိုယ်ဖော်ပြီး ဆွေးနွေးနေကြတယ်။ ပြီးတော့ မှတ်တမ်းတင်အဆင့် ရောက်သွားတယ်။ နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆိုတာ ပေါ်လစီ ကောင်းကောင်းလုပ်ဖို့ လာတာ။ လွှတ်တော်ထဲမှာ ပြည်နယ်က လုပ်ရမယ့် တံတား၊ လမ်းကိစ္စတွေကို ဒီမှာ လာမေးနေတယ်။ တစ်နေ့တစ်နေ့ လာရင် ဘာမှမဟုတ်တဲ့ မေးခွန်းတွေ၊ ဆည်မြောင်း ချောင်းတူးကိစ္စတွေ တစ်ယောက်ပြောပြီးလည်း ဆက်ပြောနေတယ်။ ဝန်ကြီးတွေဆိုတဲ့ သူတွေကလည်း အရင်က နိုင်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်း၊ အရင်က လုပ်ခဲ့တဲ့ ဟာတွေကို စီကာပတ်ကုံး လာဖြေနေကြတယ်။ ဒဲ့ပဲပြောပါ။ ပေါ်လစီလိုင်းတွေ ရှိပါတယ်။ ချုံ့ပြီးပြောပါ။ ဒါအားနည်းနေတယ်။ ဒါရှိတယ်။ ကျွန်တော်တို့ ငတ်ရင်လည်း အတူတူငတ်ခဲ့ကြမယ် ပြောပါ။ အဲဒီလိုမဟုတ်ဘူး ဖြေသိမ့်ပြီး ဝဲလည်ဝဲလည် ပြောနေတာကတော့ အင်မတန် ဝမ်းနည်းဖို့ကောင်းတယ်။ မေးခွန်းတွေကလည်း ထိရောက်တဲ့ မေးခွန်းတွေ မရှိဘူး။ အဆိုမဖြစ်သင့်တာတွေ အဆိုဖြစ်တယ်။ အားရစရာတော့ မရှိဘူးပေါ့နော်။ 

အောင်ထက်