News

POST TYPE

POPULAR POST

သပိတ်ကျင်း ကျောင်းဆရာများကိုရိုက်နှက်မှု အဖွဲ့စုံဖြင့်စစ်ဆေး
23-May-2018
မန္တလေး၊ မေ ၂၂

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဇရပ်ကွင်းကျေးရွာတွင် သင်တန်းတက်နေသည့် မူလတန်းပြကျောင်းဆရာများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရိုက်နှက်ခဲ့သည်ဆိုသော ကိစ္စကို အဖွဲ့စုံဖြင့်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဇရပ်ကွင်းကျေးရွာတွင် ပြုလုပ်လျက်ရှိသည့် ဒုတိယတန်း သင်ရိုးသစ်သင်တန်း (G2) ကျောင်းအုပ်စုအဆင့် ဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မူလတန်းပြကျောင်းဆရာ အချို့က မေလ ၂၀ ရက် သင်တန်းနားရက်နေ့ ည ၉ နာရီခွဲခန့်အချိန်က သင်တန်းအတူလာတက်သည့် ကျောင်းဆရာမများနေထိုင်ရာ အဆောင်အနီးတွင် ဂစ်တာတီးသီချင်းဆိုကြရာမှ လာရောက်တားမြစ်သည့် အုပ်ချုပ်ရေးအဖွဲ့၏ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြို့နယ်၊ ခရိုင်နှင့် တိုင်းပညာရေးမှူးရုံးတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ကျောင်းဆရာများနှင့် အုပ်ချုပ်ရေးအဖွဲ့တို့ကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းဆရာ ၁၃ ဦးခန့် ဂစ်တာတီးသီချင်းဆိုနေစဉ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လာရောက်တားမြစ်ကြရာမှ စကားများရန်ဖြစ်ကြခြင်းဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့က ဆိုင်ကယ်တွန်းလှဲခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသည့်အတွက် ကျောင်းဆရာနှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း အသက် ၂၂ နှစ်အရွယ် မူလတန်းပြကျောင်းဆရာ ဦးဇော်ထွန်းဦးက ပြောကြားသည်။

“ကျွန်တော်တို့ကလည်း အခြားရွာကလာတာဆိုတော့ ဒီမှာသတ်မှတ်ထားတဲ့ စည်းကမ်းကိုမသိဘူး။ အုပ်ချုပ်ရေးမှူးကတားတော့ ပြန်တဲ့လူ ပြန်သွားတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းသုံးယောက် ကျန်ခဲ့တာ။ အဲ့ဒီမှာ သူငယ်ချင်းတစ်ယောက်က ငါတို့ရွာကိုသွားရအောင် ငါတို့ရွာမှာတော့ ပျော်ဖို့ကောင်းတယ်လို့ပြောတာကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဘယ်လိုနားလည်သွားတယ်မသိဘူး”ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် အုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့ကိုခေါ်ကာ လက်ထိတ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ အုပ်ချုပ်ရေးရုံးသို့ခေါ်ကာ ခံဝန်ထိုးခိုင်းခဲ့ကြောင်း အခင်းဖြစ်ညကပါဝင်ခဲ့သော ကျောင်းဆရာများက ပြောဆိုသည်။

“အဲ့ဒီညက ဆယ်အိမ်မှူးက ဒီနားမှာမူးနေတဲ့ ကောင်လေးတွေ သီချင်းလာဆိုနေလို့ လာပြောပေးပါဦးလို့ခေါ်တယ်။ မင်းတို့ဘယ်ကလဲ မေးတော့မှ သင်တန်းလာတဲ့ ကျောင်းဆရာတွေမှန်း သိရတာ။ ဆရာလေးတို့ ဒီဒေသကကြမ်းတယ်။ အန္တရာယ်လည်းများလို့ ကိုးနာရီကျော်ရင် ဂစ်တာမတီးဖို့ စည်းကမ်းထုတ်ထားတယ်လို့ ရှင်းပြလိုက်တော့ပြန်သွားကြတယ်။ အဲ့ဒီမှာ ဆိုင်ကယ်တစ်စီး သုံးယောက်အဖွဲ့ ကျန်ခဲ့တာမှာ တစ်ယောက်က ဒီရွာမှာ ဂစ်တာတောင်တီးမရဘူး။ ငါတို့ရွာမှာဆိုရင်တော့ သေတောင်သွားဦးမယ်ဆိုပြီး ပြောတယ်။ အဲဒီမှာ ကျွန်တော့်ရွာသား လူငယ်တစ်ယောက်က စိန်ခေါ်ရ ကောင်းလားဆိုပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ”ဟု ဇရပ်ကွင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစောချစ်ညွှန့်က တုံ့ပြန်ပြောကြားသည်။

ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်သွားသောကြောင့် ဒေသခံရွာသားများနှင့် ပြဿနာ ပိုမိုဖြစ်ပွားခြင်းမရှိစေရန် ဆဲဆိုသည့် ကျောင်းဆရာကို လက်ထိတ်ခတ်၍ ရုံးသို့ခေါ်ယူခဲ့ပြီး မြို့နယ်ဒုတိယပညာရေးမှူးနှင့် ညှိနှိုင်းကာခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်း၊ ကျောင်းဆရာများ လူမှုကွန်ရက်တွင်တင်ခဲ့သည့် သံတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်းမှာ မဟုတ်ကြောင်း၊ နံချပ်ကူမှာလည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် အမြဲဆောင်ထားတတ်သည့်အတွက်ကြောင့် ပါလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဒုတိယတန်း သင်ရိုးသစ်သင်တန်း (G2) ကျောင်းအုပ်စုအဆင့် ဘာသာရပ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနက် အခင်းဖြစ် ညကပါဝင်ခဲ့သော မူလတန်းပြကျောင်း ဆရာများသင်တန်း၌ ဆက်လက်သင်ယူနေပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆရာ၊ ဆရာမများကို အုပ်ချုပ်ရေးအဖွဲ့က ရိုက်နှက်ခဲ့ခြင်းကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

M-04


  • VIA