News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ်ရှိ ချေးငွေမဆပ်သည့် တောင်သူကို အရေးယူမည်
22-May-2018

စစ်တွေ၊ မေ ၂၁

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးစရိတ် ပြန်မဆပ်သော တောင်သူများ သတ်မှတ်ကာလကျော်လွန်ပြီး ပြန်မဆပ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်ဘဏ်ခွဲ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မိုးရာသီနှင့် ဆောင်းရာသီ သီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေများကို ချေးယူပြီး ယနေ့အထိ ပြန်မဆပ်သော တောင်သူ ၁၄၀၀ ကျော်နှင့် ကြွေးကျန်သိန်း ၅၂၀၀ ကျော် ရှိသည်။ 

ကြွေးကျန်တောင်သူများကို လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဝန်ထမ်းများနှင့် မြို့နယ်အုပ်ချုပ်ရေးဌာနတို့မှ ဖွဲ့စည်းထားသော ချေးငွေအကြံပေးအဖွဲ့တို့က ကွင်းဆင်းပြီး ပထမအဆင့်အနေနှင့် စည်းရုံးကောက်ခံနေကြောင်း၊ ဇွန်လကုန်အထိ ချေးငွေများကို ပြန်မဆပ်ပါက ဥပဒေအရအရေးယူ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့နဲ့ နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ လယ်သမားတွေလည်း ဖြစ်တယ်၊ ပိုက်ဆံဆပ်ကြ၊ ဆပ်ရင် အကြွေးအသစ်ရမယ်လို့ စည်းရုံကောက်ခံတယ်။ နှစ်ပဲကြာသွားတယ် ရွာကိုသွားလည်း လယ်သမားတွေ အတွေ့မခံတော့ဘူး”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ် ဘဏ်ခွဲမန်နေဂျာ ဦးအေးသိန်းက ရှင်းပြသည်။ 

စိုက်ပျိုးစရိတ်ချေးယူသော တောင်သူများအနေနှင့် သီးနှံပေါ်ပြီးချိန်ဖြစ်သော ဧပြီလ ၁၅ ရက်ကို နောက်ဆုံးထားကာ ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း ပြန်မဆပ်ပါက သက်ဆိုင်ရာမြို့နယ် တရားရုံးများမှ ဥပဒေအရာရှိနှင့် ဆွေးနွေးကာ ချုပ်ဆိုထားသော စာချုပ်အတိုင်းလည်းကောင်း၊ တည်ဆဲဥပဒေအရလည်းကောင်း အရေးယူခံရမည်ဟု ၎င်းက ဆိုသည်။ 

“စပါးဈေးကွက်ကလည်းမရှိ၊ ကုန်ကျစရိတ်ကလည်းများ ပြီးတော့ စားဝတ်နေရေး သားသမီးတွေ စာသင်တာတွေနဲ့၊ တစ်ခါတစ်ခါ ပြန်ဆပ်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ အစိုးရဆီက ချေးပြီးတော့ ပြန်ဆပ်မယ့်အချိန်လည်း ရောက်ရော သူများဆီက အတိုးနဲ့ချေးပြီး အစိုးရကို ပြန်ဆပ်ရတယ်”ဟု မင်းပြားမြို့နယ်မှ လယ်သမား ဦးစိန်သန်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၂ မြို့နယ်ရှိ တောင်သူအချို့တွင် ကြွေးကျန်များရှိပြီး ပေါက်တော၊ ရမ်းဗြဲ၊ မာန်အောင်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တောင်သူများမှာ နှစ်စဉ်ကြွေးကျန်မရှိဘဲ ပြန်ဆပ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ် ဘဏ်ခွဲထံမှသိရသည်။

R-22

  • VIA