News

POST TYPE

POPULAR POST

အမှန်တကယ် ပြောင်းလဲချိန်တန် UMFCCI(Weekly,Vol-12/No-35)
23-Sep-2016

၁၉၁၉ ခုနှစ်က ဖွဲ့စည်းထားသော အသင်းကြီးကို ၁၉၉၉ ခုနှစ်တွင် ဈေးကွက်စီးပွားရေး ပုံစံနှင့်အညီ ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၏ အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲကို ယခုလ ၁၇ ရက်နေ့က ကျင်းပခဲ့ခြင်းသည် ပြောင်းလဲသင့်၍ ပြောင်းလဲလာပြီလော သို့တည်းမဟုတ် ယခင်ပုံစံမျိုးအတိုင်း ရှိနေမည်လောဟု မေးခွန်း ထုတ်ကြည့်ရမည် ဖြစ်သည်။

တပ်မတော် အစိုးရ၏ စီးပွားရေး မူဝါဒများ အကောင်အထည် ဖော်ရာတွင် ကူညီ ဆောင်ရွက်နိုင်ရန် ဥက္ကဋ္ဌ အပါအဝင် အမှုဆောင် အဖွဲ့ဝင် အများစုကို ထိုစဉ်က အစိုးရ စိတ်တိုင်းကျ ခန့်ထား တာဝန်ပေးခဲ့သည့်အတွက် ဝေဖန်မှု များစွာနှင့် ရင်ဆိုင်ခဲ့ရသော အသင်းကြီး တစ်ခု၏ ယခု တစ်ကြိမ်သည် ဒုတိယမြောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဟု ဆိုနိုင်သည်။

ပထမမြောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ဦးသိန်းစိန် အစိုးရ လက်ထက် ၂ဝ၁၃ ခုနှစ်တွင်မှ စတင် ကျင်းပနိုင်ခဲ့ပြီး ကျန်ရွေးကောက်ပွဲ အားလုံး နီးပါးမှာ လက်တစ်ဆုပ်စာ လူတစ်စုသာ ပြန်လည် ရွေးကောက် တင်မြှောက် ခံရစေရန် ရေးဆွဲ ထားသည်ဟု ဝေဖန် ခံနေရသည့် အသင်းအဖွဲ့ စည်းမျဉ်းအရ မည်ကာမတ္တ ရွေးကောက်ပွဲဖြင့်သာ အမှုဆောင်ဖြစ်လာသူ အများစု ဖြစ်ခဲ့သည်။

ထို့ကြောင့်ပင် တပ်မတော် အစိုးရအကြိုက် ဥက္ကဋ္ဌ ရာထူးကို ရွေးကောက် တင်မြှောက်ခြင်း မရှိဘဲ သက်တမ်း နှစ်ကြိမ်တိတိ တိုက်ရိုက် ခန့်ထားသည်အထိ အစိုးရက စွက်ဖက်ခဲ့သောကြောင့် အစိုးရ တစ်ပိုင်း ခရိုနီကြီးစိုး အသင်းအဖွဲ့အဖြစ် ဝေဖန်ခံခဲ့သည်။

UMFCCI သည် မြန်မာနိုင်ငံတွင် ဒုတိယ ဥက္ကဋ္ဌ အများဆုံး၊ တွဲဖက် အတွင်းရေးမှူး အများဆုံး၊ ဗဟို အမှုဆောင်အဖွဲ့ အများဆုံး ထားရှိသော အင်အား အကောင်းဆုံး၊ ငွေကြေး အတောင့်တင်းဆုံး အသင်းကြီး တစ်ခု အနေနှင့် သက်ဆိုင်ရာ ကိုယ်စားပြု နယ်ပယ်အတွက် အသင်း စတင် ထူထောင်စဉ် ကာလမှ ယနေ့ အချိန်အထိ မည်သို့ ကူညီဆောင်ရွက် ပေးခဲ့သနည်းဟု မေးစရာ ရှိပေသည်။

များသောအားဖြင့် ဥက္ကဋ္ဌ အပါအဝင် အမှုဆောင် လူကြီးများ၏ ကိုယ်ပိုင် လုပ်ငန်းများသာ နိုင်ငံတကာ အဆက်အသွယ် ကောင်းများ၊ လုပ်ငန်း ပူပေါင်း လုပ်ဆောင်ခွင့်များ ရရှိကာ ဖွံ့ဖြိုးတိုးတက် သွားခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးစား၊ အလတ်စား၊ အသေးစား စိုက်ပျိုး၊ ကုန်ထုတ်၊ ကုန်သွယ်၊ ရောင်းဝယ်ရေး လုပ်ငန်းများမှာ အရှေ့တောင်အာရှ အဆင့်တွင်ပင် များစွာ နိမ့်ပါးနေဆဲ ဖြစ်သည်။

ထို့ကြောင့် တစ်နိုင်ငံလုံးတွင် လုပ်ငန်းရှင်ပေါင်း သိန်းချီ ရှိနေသော်လည်း လုပ်ငန်းနယ်ပယ် အကျိုးကို ထူးခြားစွာ ဆောင်ရွက် ပေးနိုင်မည်ဟု မယုံကြည်ကြသောကြောင့် အသင်းဝင် သောင်းဂဏန်းမျှသာ ရှိပြီး ယင်းတို့အနက် လှုပ်ရှား တက်ကြွသော အသင်းဝင်မှာ ထောင်ဂဏန်းခန့်သာ ရှိသည်။

အသင်း အဖွဲ့အစည်းများ၏ တာဝန်မှာ သက်ဆိုင်ရာ ကိုယ်စားပြု နယ်ပယ် အကျိုး အလို့ငှာ အုပ်ချုပ်သူ အစိုးရများကို မူဝါဒရေးရာများ အကြံပြု ညှိနှိုင်းခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစိုးရ၏ ပံ့ပိုးကူညီမှုများ ရယူခြင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ကာ  သက်ဆိုင်ရာ နယ်ပယ် ဖွံ့ဖြိုးရေး လုပ်ဆောင်ခြင်းတို့အပြင် လိုအပ်ပါက အစိုးရကို တိုက်တွန်း၊ အရေးဆို၊ ဖိအားပေးသည်မျိုးအထိ ဆောင်ရွက်ရသည်။

လက်တွေ့တွင်မူ ဥက္ကဋ္ဌ အပါအဝင် အမှုဆောင် အသင်းဝင်များ၏ ကိုယ်ကျိုး စီးပွားနှင့် ချိတ်ဆက်နေသော လုပ်ငန်းများကိုသာ ဦးစားပေးကာ ပြည်တွင်းရှိ နိုင်ငံတော်အဆင့် စီမံကိန်းများ အပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော အခွင့်အလမ်းများ အားလုံး လက်ဝါးကြီး အုပ်ထားခဲ့ကြောင်း ဝေဖန်မှု များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

အခြား တစ်ဖက်တွင်လည်း မြန်မာနိုင်ငံတွင် ဖွဲ့စည်းသော မည်သည့် အသင်းအဖွဲ့မဆို ကြုံရသည့် ပြဿနာမှာ အများအကျိုး၊ သက်ဆိုင်ရာ နယ်ပယ် အကျိုးကို တာဝန်ယူ အချိန်ပေး၍ ကျွမ်းကျွမ်းကျင်ကျင်၊ စေတနာပါပါ၊ ဖိဖိစီးစီး ဆောင်ရွက်နိုင်သူ အရေအတွက် များစွာ နည်းပါးနေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ UMFCCI အသင်းကြီး အနေနှင့် လက်ရှိရွေး ကောက်ပွဲမှ အစပြုကာ နီးစပ် လက်သင့်ရာ စားတော် ခေါ်ခြင်း၊ ဆွေမျိုးသားချင်း ကောင်းစားရေး ဦးစားပေးခြင်း၊ ကိုယ်ကျိုး ကြည့်ခြင်း၊ အခွင့်ထူးခံ လိုခြင်း၊ အခွင့်အလမ်း ရှာကြံခြင်း၊ အာဏာရှင် အစိုးရများနှင့် အပြန်အလှန် အသုံးချနေခဲ့ခြင်း၊ အခွင့်အရေး အလို့ငှာ အုပ်စုဖွဲ့ခြင်း၊ အုပ်စုကွဲခြင်းတို့ကို ရှောင်ရှားကာ သက်ဆိုင်ရာ ကိုယ်စားပြု နယ်ပယ် အကျိုးစီးပွား ဖွံ့ဖြိုးရေး၊ နိုင်ငံတော် အကျိုးစီးပွား ဖွံ့ဖြိုးရေးကို လက်တွေ့ကျကျ ကူညီ ဆောင်ရွက်ပေးရန် အထူး တာဝန် ရှိကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၂၁-၉-၂ဝ၁၆)



  • VIA