News

POST TYPE

POPULAR POST

ဆီထွက်သီးနှံစိုက်တောင်သူများကို ကျပ် ၂၅ ဘီလီယံ ထုတ်ချေးမည်


ရန်ကုန်၊ မေ ၁၆

ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆီစက်လုပ်ငန်းများနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများကို ကျပ် ၂၅ ဘီလီယံ ထုတ်ချေးပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။ 

ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေနှင့် သွင်းအားစုများနှင့် စက်ကိရိယာများ ကြိုတင်ဝယ်ယူနိုင်ရန်အတွက် ချေးငွေများကို မိုးရာသီ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးမည်ဖြစ်ပြီး အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးမည်ဟု စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။ 

“ဆီထွက်သီးနှံကဏ္ဍကို ကျပ် ၂၅ ဘီလီယံချေးပေးမယ်လို့ ပြောထားပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ထဲမှာ ချေးငွေပါမှလည်း လုပ်ငန်းတွေ အကောင်အထည်ဖော်လို့ရမှာလေ။ ဒီမိုးရာသီချေးပေးမယ် ပြောပေမယ့် မိုးဦးမှာတော့ မမီတော့ဘူး။ စပဲစိုက်နေကြပြီ။ လုပ်ငန်းအဆိုပြုလွှာတွေတော့ ဝန်ကြီးဌာနကို တင်ထားပါတယ်”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောကြားသည်။ 

လက်ရှိတွင် ဆီထွက်သီးနှံကုန်ကြမ်းများ၊ ရောနှောဆီနှင့် စားအုန်းဆီများမှာ ပြည်ပမှတရားမဝင် ဝင်ရောက်လျက်ရှိပြီး ပြည်တွင်းဆီစက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်မှာ အရှုံးနှင့်ရင်ဆိုင်နေရသောကြောင့် ဆီစက်လုပ်ငန်းရှင်များအသင်းအနေနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မကွေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စုစုပေါင်းဧက တစ်ရာခန့်ဖြင့် အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming)  စနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း သုံးပုံတစ်ပုံခန့်မှာ အရှုံးပေါ်ခဲ့ကြောင်း ယင်းအသင်းထံမှသိရသည်။

“တောင်သူတွေနဲ့ Contract Farming ကို နေရာသုံးခုမှာ စလုပ်တဲ့အခါမှာ နှစ်ခုကအောင်မြင်တယ်။ တစ်ခုက စိုက်စရိတ် ဆုံးရှုံးမှုရှိတယ်။ Contract Farming စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့အတွက် စက်ကိရိယာတွေဝယ်ယူနိုင်ဖို့ နေပြည်တော်မှာ စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ သွားဆွေးနွေးဖို့ရှိသေးတယ်”ဟု ဦးအောင်ကျော်ကျော်က ဆက်လက်ပြောဆိုသည်။ 

ဆီထွက်သီးနှံလုပ်ငန်းများအနေနှင့် အစိုးရထံမှ စိုက်စရိတ်နှင့် စက်ကိရိယာများ ဝယ်ယူနိုင်ရန် ချေးငွေများအချိန်မီ ရရှိပါက Contract Farming စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီး ဆီစက်လုပ်ငန်းများလည်း ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ 

ယခင်က မြန်မာတစ်နိုင်ငံလုံးတွင် ဆီစက်အလုံးပေါင်း သုံးထောင်ကျော်ရှိသော်လည်း ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းများ ပိုမိုအရှုံးပေါ်လာသောကြောင့် လက်ရှိတွင် ဆီစက်အလုံးပေါင်း သုံးရာခန့်သာ လုပ်ငန်းလည်ပတ်နိုင်တော့ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။ 

J-11