News

POST TYPE

POPULAR POST

ရန်ကုန် တက္ကစီယာဉ်မောင်း ၁၀၀ ခန့် Grab ကို ကန့်ကွက်သည့် လှုပ်ရှားမှုစ
16-May-2018 tagged as ရန်ကုန် Grab

ရန်ကုန်၊ မေ ၁၅

ရန်ကုန်မြို့တွင်း အငှားကားသယ်ယူပို့ဆောင်မှုကို ဆောင်ရွက်နေသည့် Grab Member ဝင် အငှားတက္ကစီယာဉ်မောင်းအချို့သည် ယာဉ်မောင်းများ၏ အဆင်မပြေမှုများစွာကို တာဝန်ယူဖြေရှင်းပေးခြင်း မရှိသဖြင့် Grab ကုမ္ပဏီကို မေလ ၁၅ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးဖြူလှုပ်ရှားမှု စတင်ခဲ့ကြောင်း အဆိုပါလှုပ်ရှားမှု ဦးဆောင်သူ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

“အဆင်မပြေမှုတွေဆိုတာ ပြောရရင် အများကြီးပဲ။ ရပိုင်ခွင့်တွေ ဆုံးရှုံးတယ်။ လက်ရှိ အဆင်မပြေတာတွေကို ကုမ္ပဏီကို တင်ပြခဲ့တယ်။ လျစ်လျူရှုလွန်းအားကြီးလို့ ပြည်သူတွေသိအောင် ကုမ္ပဏီလည်းသိအောင် ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါလှုပ်ရှားမှုဆောင်ရွက်ရသည်မှာ ခရီးစဉ်အပေါ် ဈေးနှုန်းသတ်မှတ်ရာတွင် ယာဉ်မောင်းရရှိသည့် ငွေနည်းပါးခြင်း၊ လက်ရှိအသုံးပြုနေသည့် app အနေနှင့် ခရီးစဉ်လမ်းကြောင်း မမြင်ရခြင်း၊ ဈေးနှုန်းမပေါ်ခြင်း၊ ခရီးသည်က Cancel လုပ်ပါက ဘောနပ်စ် (အပိုဆုကြေး) များ ပြုတ်ခြင်းတို့အပါအဝင် အခြားအခက်အခဲများစွာရှိကြောင်း Grab Member ဝင်များထံမှ သိရသည်။

“ကျွန်တော်တို့မှာ Group အဖွဲ့လေး ရှိတယ်။ ဒီအဖွဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ အဖွဲ့က အရင်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တုန်းက ကုမ္ပဏီက ထုတ်တာတွေ ရှိတယ်။ အကောင့်တွေ ဗန်းခံရတာတွေရှိတယ်” ဟု Grab Member ဝင် အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

အငှားတက္ကစီယာဉ်များတွင် ဖဲကြိုးဖြူများ တပ်ဆင်မောင်းနှင်ခြင်းဖြစ်ပြီး Grab ကုမ္ပဏီဘက်က ဖြေရှင်းပေးမှုမလုပ်သရွေ့ အဆိုပါဖဲကြိုးဖြူလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တက္ကစီသမားတချို့ Grab ကို ပထမဆုံး စဝင်တဲ့အချိန်တုန်းက ပရိုမိုးရှင်းတွေ ပေးတယ်။ အခု မတ်လမှစပြီး သုံးလဆက်တိုက် မရတော့ဘူး။ တချို့ခရီးသည်က ကားငှားပြီး သူခေါ်တဲ့နေရာ ရောက်တဲ့အချိန်မှာ ဖုန်းဆက်တာကို မကိုင်ဘဲ နာရီဝက်ကျော်ကြာအောင် စောင့်ခိုင်းတယ်။ထပ်ဆက်တော့ မငှားပါဘူးပြောတယ်။ အခုလိုဖြစ်လည်း ကိုယ်ပဲ အပြစ်ဖြစ်တာပဲ” ဟု Grab Member ဝင် ယာဉ်မောင်းတစ်ဦးက ၎င်း၏အခက်အခဲကို ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သွားရောက်မေးမြန်းသော်လည်း ဖြေကြားပေးနိုင်သူ မရှိကြောင်း၊ သိလိုသည်များကို မေးလ်ပို့မေးမြန်းစေလိုကြောင်း Grab ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Grab Member ဝင်အဖြစ် မောင်းနှင်နေသည့် ယာဉ်မောင်း ၁၀၀ ခန့်က Grab ကုမ္ပဏီကို ကန့်ကွက်သည့် ဖဲကြိုးဖြူလှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ကြောင်း အဆိုပါ လှုပ်ရှားမှု ဦးဆောင်သူ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

J-06/ J-18