News

POST TYPE

POPULAR POST

ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များ CANAL+ ရုပ်သံလိုင်း ထုတ်လွှင့်ပြသမည်မဟုတ်ဟုဆို
15-May-2018

ရန်ကုန်၊ မေ ၁၅

ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်အတွက် SKY NET ရုပ်သံလိုင်းအနေဖြင့် ညှိနှိုင်းလျက်ရှိပြီး မကြာခင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းနှင့် CANAL+ ရုပ်သံလိုင်းအနေဖြင့် ထုတ်လွှင့်ပြသမည်မဟုတ်ကြောင်း အဆိုပါ ရုပ်သံလိုင်းများထံမှ သိရသည်။

Forever Group နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် CANAL+ Myanmar FG Ltd တို့ အကျိုးတူ ပူးပေါင်းကာ ထုတ်လွှင့်နေသော CANAL+ အခပေးရုပ်သံလိုင်း သစ်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို Copyright ဝယ်ယူထားခြင်း မရှိသည့်အတွက် ပြသမည်မဟုတ်ကြောင်း CANAL+ Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာပေါ်တွင် နိုင်ငံအသင်းအလိုက် ဘောလုံးပြိုင်ပွဲများတွင် အကြီးအကျယ်ဆုံးနှင့် ပရိသတ်အားပေးမှု အများဆုံး ကမ္ဘာ့ဖလားပွဲကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် စတင်မည်ဖြစ်သည်။

“ရုရှားနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေ မြန်မာနိုင်ငံမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်နဲ့ပတ်သက်ပြီး မကြာခင် ထုတ်ပြန်ကြေညာသွားပါမယ်”ဟု SKY NET ရုပ်သံလိုင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

၂၀၁၄ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များ မြန်မာနိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ကို SKY NET က တစ်ဦးတည်း မူပိုင်ရရှိခဲ့ပြီး ပွဲစဉ်အများစုကို ၎င်း၏ အခပေး ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၁၀ ကမ္ဘာ့ဖလားပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီနှင့် MRTV-4 စသည့် အခမဲ့ ရုပ်သံလိုင်းများတွင် ပြသခဲ့ပြီး၂၀၁၄ ခုနှစ်မှစတင်ကာ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို SKY NET ရုပ်သံဖမ်းစက်ရှိမှသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲများကို မြန်မာနိုင်ငံက အစဉ်အဆက် အခမဲ့ ရုပ်သံလိုင်းများက ထုတ်လွှင့်ပြသခဲ့ပြီး နောက်ပိုင်းတွင် အခပေး ရုပ်သံလိုင်းမှသာ ထုတ်လွှင့်ပြသခဲ့သောကြောင့် ဘောလုံး ကြည့်ရှုသူ ပရိသတ်များက အခပေး ရုပ်သံလိုင်းများအပေါ် ဝေဖန်ပြောကြားလျက်ရှိသည်။

“၂၀၁၈ ကမ္ဘာ့ဖလားကို ဒီနှစ်လည်း SKY NET က ပြသဖို့ ကြိုးစားနေတယ်လို့ သိရတယ်။ တကယ်ဆို ဒီလောက် မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ဝင်စားတဲ့ဘောလုံးပွဲကို အခပေး ရုပ်သံလိုင်းတစ်ခုတည်းက မဟုတ်ဘဲ အခပေးရုပ်သံလိုင်းတွေကပူးပေါင်းပြီး ပြသရင် ပိုကောင်းပါတယ်။ MRTV ကတော့လာလည်း တစ်ပွဲတလေပေါ့။ ပွဲတိုင်း မကြည့်ရဘူးလေ။ အခုက သူတစ်ခုတည်းက ပြသတော့ သူ့စက်တွေ ရောင်းကောင်းဖို့အတွက်ပဲ ဖြစ်သွားတာပေါ့”ဟု ဘောလုံးဝါသနာရှင် ဦးကိုကိုက ဆိုသည်။

J-10