News

POST TYPE

POPULAR POST

၂၅ နှစ်အရစ်ကျ အိမ်ရာစနစ် ကမ္ဘောဇဘဏ် မိတ်ဆက်
07-May-2018 tagged as KBZ

ရန်ကုန်၊ မေ ၇

ကမ္ဘောဇဘဏ်ချေးငွေဖြင့် ၂၅ နှစ်အထိ အရစ်ကျဝယ်ယူနိုင်မည့် အိမ်ရာပြပွဲကို မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ပြသသွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

အဆိုပါအိမ်ရာပြပွဲကို ကမ္ဘောဇဘဏ်နှင့် iMyanmarHouse.com ကုမ္ပဏီက ပူးပေါင်းပြသခြင်းဖြစ်ပြီး ပြပွဲတွင် တန်ဖိုးနည်း တိုက်ခန်းမှစ၍ ကွန်ဒိုအခန်းများအထိ အခန်းပေါင်း ၅၀၀၀ ကျော်ကို ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

“အဲဒီနေ့ပြပွဲမှာ လာဝယ်တဲ့သူတွေကို ငွေပေးချေတာနဲ့ ပတ်သက်ပြီး Surprise တစ်ခု လုပ်ဖို့ရှိပါတယ်။ တန်ဖိုးနည်း သိန်း ၂၀၀ တန် တိုက်ခန်းဝယ်ယူတဲ့အနေနဲ့ ကနဦး တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း သွင်းပြီးတာနဲ့ တစ်လကို တစ်သိန်းခုနစ်သောင်း ပုံမှန်သွင်းပြီး ၁၅ နှစ်ဆိုရင် အိမ်ရာပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးတွေ ရပါပြီ”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အိမ်ရာဝယ်ယူမည့်သူများ၏ မိသားစုဝင်ငွေသည် တစ်လကို ကျပ် ရှစ်သိန်းရှိရမည်ဖြစ်ပြီး အိမ်ရာဝယ်ယူပါက အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ အကယ်၍ ချေးငွေသက်တမ်းမပြည့်မီ ဗဟိုဘဏ်က ချေးငွေ အတိုးနှုန်း လျှော့ချခဲ့ပါက လျော့သွားသည့် အတိုးနှုန်းတိုင်း ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

တန်ဖိုးနည်းတိုက်ခန်းများသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ယုဇနဥယျာဉ်မြို့တော် အစရှိသည့် မြို့အစွန်တွင်ရှိသည့် တိုက်ခန်းများဖြစ်ကြောင်း၊ ယင်းအပြင် အလုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွှန့်၊ ဒေါပုံ၊ သာကေတ အစရှိသည့်မြို့နယ်များရှိ တိုက်ခန်းများကိုလည်း ရောင်းချမည်ဖြစ်သည်။

အိမ်ရာဝယ်ယူမည့်သူများသည် ဝင်ငွေ ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်နှင့် အိမ်ထောင်စုစာရင်းများဖြင့် လျှောက်ထားဝယ်ယူရမည်ဖြစ်ကြောင်း၊ ပြပွဲတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်ကလည်း ဈေးနှုန်းများကို လျှော့ဈေး ချပေးမည့် အစီအစဉ်များရှိကြောင်း ကမ္ဘောဇဘဏ်ထံမှ သိရသည်။

J-13