News

POST TYPE

POPULAR POST

လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါ်မြမြနှင့် တွေ့ဆုံခြင်း
22-Sep-2016
အိမ်အကူ မိန်းကလေးနှစ်ဦးအား အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ နှိပ်စက်ခဲ့သည့် ဖြစ်စဉ်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဝင်ရောက်ညှိနှိုင်းပေးခဲ့ခြင်းအပေါ် ပြည်သူများက ကော်မရှင် အဖွဲ့ဝင်များကို ပြင်းထန်စွာ ဝေဖန်လျက်ရှိသည်။ အဆိုပါ ကော်မရှင်ကို နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်က အစိုးရ ဝန်ထမ်းဟောင်းများဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအချိန်၌ အိမ်အကူနှစ်ဦး လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းကို ကော်မရှင်က ကျပ်သိန်း ၅၀ ဖြင့် ညှိနှိုင်းပေးခဲ့ခြင်းကြောင့် ကော်မရှင်အဖွဲ့ဝင်များ နုတ်ထွက်ရန် ပြည်သူအချို့က ဆန္ဒပြ တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : အိမ်အကူ ကလေးနှစ်ယောက်ရဲ့ နစ်နာမှုတွေအတွက် နစ်နာကြေးသိန်း ၅၀ နဲ့ ညိနှိုင်းခြင်းက ဘာကြောင့်လဲ ရှင်းပြပေးပါ ခင်ဗျ။

Daw M M : ပထမဆုံး Myanmar Now အနေနဲ့ တိုင်ချက်ဖွင့်တာပေါ့။ တိုင်းတန်းစာပို့တယ်။ ကြည့်တဲ့အခါမှာ ရဲကို စိစစ်ခိုင်းမယ်ဆိုပြီး ရန်ကုန်တိုင်းကို စာပို့လိုက်တယ်။ ဒီဖြစ်ရပ်ပေါ့ တိုင်ချက်မှာ ပါတယ်။ ပထမတော့ သုံးယောက်ပေါ့။ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိတယ်။ အရေးယူတိုင်ကြားမှုတွေ ရှိတယ်။ တိုင်ကြားတဲ့စာကို ရဲကို ပို့လိုက်တယ်။ တိုင်းရဲကိုပို့တယ်၊ တိုင်းရဲက စိစစ်ပြီးတဲ့အခါ စာပြန်ပို့တယ်။ သူ့ရဲ့စိစစ်ချက်က ၂၁ မျက်နှာ ဆိုပေမယ့် ကျောက်တံတားမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်တဲ့အချက်တွေ ပါတယ်။

အဓိကကတော့ ဖြစ်ရပ်ကတော့ အမှန်ပဲ။ လိုအပ်သလို စိစစ်နိုင်ပါတယ်ဆိုပြီး ပြန်လာတယ်။ ရဲကိုတော့ ပြန်ပြီး အမှုပြန်ဖွင့်ခိုင်းရမှာပေါ့။ သို့သော်လည်း အဲလိုမဟုတ်ဘဲ တစ်ဖက်ကနေ သူတို့ဘက်ကလည်း နစ်နာမှု မရှိအောင် နှစ်ဖက်တွေ့ပေးလိုက်မယ်ဆိုတဲ့ သဘောမျိုးနဲ့ အန်တီတို့ဘက်က ၁၅ ရက်နေ့မှာ တွေ့ပြီး ညှိနှိုင်းပေးတဲ့ သဘောပဲ ရှိတယ်။ တွေ့တဲ့အခါမှာလည်း အန်တီတို့ဘက်က သိန်း ၅၀ ပေးပါလို့ ဆုံးဖြတ်ခဲ့တာလည်း မဟုတ်ဘူး။ သူ့ရဲ့မိဘကိုယ်တိုင်က သူ့သမီးတွေ ခြေကျိုးလက်ကျိုးတယ်။ ကိုယ်ကတော့ မမြင်ဘူးပေါ့။ အဲဒီလိုဖြစ်တယ်။ ဒါကြောင့် သိန်း ၅၀ လိုချင်တယ်ဆိုပြီး မခိုင်ဘက်က မိဘတွေဘက်က ပြောတယ်။ ဒီဘက်ကလည်း များတယ်ပေါ့။ သူတို့မှာလည်း ပေးစရာ မရှိဘူး စသည်ဖြင့် ပေးရမယ့် လူဘက်ကတော့ သိတဲ့အတိုင်း ငိုယိုပြီး ပြောတာတွေလည်း ရှိတာပေါ့။ နောက်တစ်ယောက်ကတော့ လစာပဲရရင် ရတယ်ဆိုပြီး ပြောတယ်။ နောက်တော့ တစ်ခါ သိန်း ၂၀ လိုချင်ပါတယ် ပြောတယ်။ အန်တီတို့က ၁၅ မိနစ်ပဲ အချိန်ပေးပြီး ဖြတ်ခဲ့တာတော့ မဟုတ်ပါဘူး။ လွတ်လပ်စွာ ဆွေးနွေးကြ။ အန်တီတို့ ထိုင်နေရင် မျက်နှာပူစရာ ဖြစ်မှာ စိုးတဲ့အတွက် ထွက်ပေးတာပါ။

Voice : နစ်နာသူ နှစ်ယောက်ကို သိန်း ၅၀ ပေးဖို့ ကန့်သတ်ခဲ့တာက ကာယကံရှင် မိဘတွေရဲ့ သဘော ဆန္ဒအရလား။ ကော်မရှင်က သတ်မှတ်ပေးခဲ့တာလား။

Daw M M : တို့လည်း ဝင်မလုပ်ဘူးလေ။ နှစ်ဦးနှစ်ဖက် ညှိကြ ပထမဆုံးပေါ့ အန်တီတို့ အဖွဲ့ထဲက ဦးဇော်ဝင်းက ဘာပြောလဲဆိုရင် လုပ်ဆောင်နိုင်တာ နှစ်ချက်ရှိတယ်။ ပြန်ပြီးတော့ တစ်ဖက်ကလည်း ညှိကြတဲ့အခါ တစ်ဖက်ကလည်း သူ့သမီးတွေက ထုထားတာ ရိုက်ထားတာ ခြေထောက်တွေက လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး။ လက်လည်း မမြှောက်နိုင်ဘူး။ တစ်ဖက်ကလည်း မဟုတ်ပါဘူး။ သူတို့ ကောင်းကောင်းမွန်မွန် ထားပါတယ်။ ထမင်းတွေလည်း အတူတူစားပါတယ်။ သတ်သတ်ခွဲ မစားပါဘူး။ ဟိုဘက်ဒီဘက်ကနေ အဲဒီလိုပြောတယ်။ တိုတိုနဲ့လိုရင်း ပြောရင် တစ်အချက်က တရားစွဲမှာလား။ နှစ်အချက်က ထိုက်သင့်တဲ့ ပေးလျော်မှု ပြုမလား တိုင်ပင်ကြပါ။ အချိန်နဲ့ ပြောလိုက်တယ်။ အဲဒီမှာ ဦးဆွေဝင်းလည်း ရှိပါတယ်။ အဲဒီမှာ ဦးဆွေဝင်းနဲ့ သူတို့က ကျန်ခဲ့တာပေါ့။ အန်တီတို့ကတော့ ထွက်လိုက်တာပေါ့။ ပြီးတဲ့အခါ လျော်ကြေးပဲ ယူပါမယ်ဆိုတဲ့ အဖြေက သူတို့ထံက ထွက်ပေါ်လာတာ ဖြစ်တယ်။ နစ်နာကြေးပဲယူမယ် ဆိုတာ သူတို့ဘက်ကပဲ ပြောတာပါ။

Voice : ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်မှာ သွားရောက် စုံစစ်ဆေးစုံစမ်းခြင်းတွေ ပါဝင်နေတော့  အခုလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကလေးတွေ သူတို့ရဲ့ မိဘတွေနဲ့ ကော်မရှင်က သွားရောက်တွေ့ဆုံခဲ့တာ ရှိလား။ 

Daw M M : မရှိပါဘူး။ ရဲကပေးပို့တဲ့ စာပေါ်မှာပဲ အန်တီတို့က ချင့်ချိန်သုံးသပ်ပြီးတော့မှ သိရတာ ဖြစ်တယ်။

Voice : ကော်မရှင်က အခုလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်သူနဲ့ ပြုလုပ်ခြင်း ခံရသူတို့ကြား ဖြစ်ပေါ်လာတဲ့ တွေ့ဆုံညှိနှိုင်းခြင်း ဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့တွေ အသိပေးခြင်း မရှိဘဲ ဌာနဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်ပြီး သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်သွားတယ်။

Daw M M : အဲ့ဒါက ဒီလိုလေ တိုင်တန်းချက်နဲ့ ပတ်သက်လာခဲ့ရင် အန်တီတို့ ကော်မရှင်အဖွဲ့ဝင်မှာ ၁၁ ယောက် ရှိတဲ့အနက် ဥက္ကဋ္ဌ အပါအဝင်ပေါ့ ကိုယ့်လုပ်ငန်း သူ့လုပ်ငန်း ခွဲခြားကြတာပေါ့။ ခွဲတဲ့အခါ လူ့အခွင့်အရေး ဖောက်ဖျက်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်း တာဝန်တွေကို ဆောင်ရွက်ရတယ်။ အဲဒီမှာ ဦးဇော်ဝင်းရယ်၊ ဒေါက်တာဉာဏ်ဇော်ရယ်၊ အန်တီရယ် သုံးယောက်ပေါ့။ လာသမျှ တိုင်စာတွေကိုလည်း အန်တီတို့က စိစစ်တယ်။ ကိုယ့်အောက်မှာ ဆိုရင်တော့ ရုံးအဖွဲ့တွေ ရှိတာပေါ့။ သူတို့ရဲ့ တင်ပြချက်တွေအပေါ်မှာ ဥပဒေကြောင်းအရ လိုအပ်သလား။ ဘယ်ဥပဒေ ဘယ်အပိုဒ်နဲ့ ငြိစွန်းနေသလဲ။ ဒါတွေကိုတော့ အန်တီတို့က တစ်ခုချင်း လာသမျှ တိုင်စာတွေမှာ မြေအမှုလား ဘာအမှုလဲ အမျိုးအစားတွေ ခွဲခြားပြီး တစ်လ တစ်လ အစီရင်ခံစာတော့ လုပ်ရတာပေါ့။ အန်တီတို့က အခြားသော NGO, CSO တို့နဲ့တော့ ခေါ်ပြီး တိုင်ပင်တာတော့ မရှိပါဘူး။ ဘယ်အမှုကိစ္စပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်လိုလုပ်လဲဆိုရင် ဒီကိစ္စသည် မြေနဲ့ပတ်သက်တယ် ဆိုရင် ရန်ကုန်တိုင်းက ဖြစ်တာလား၊ ဧရာဝတီတိုင်းက ဖြစ်တာလားဆိုတာ စိစစ်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့တွေထံ ပေးပို့တယ်။ တိုင်တန်းချက်က ဒီကိုရောက်လာတယ်။ မှန်-မမှန် စစ်ပေးပါဆိုပြီး ဆောင်ရွက်တာတွေ ရှိတယ်။

Voice : အခုဆိုရင် ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေက တော်တော်ဝေဖန်လာကြတယ်။ ထို့အတူပဲ ကော်မရှင်ရုံး အပြင်ဘက်မှာ ကော်မရှင်ကလူတွေ နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာ ရှိတော့ ဆရာမကြီးတို့အနေနဲ့ လူထုကို ဘာပြောချင်လဲ။

Daw M M : ဒီအရာက အခုမှ ဖြစ်လာတဲ့ ကိစ္စလေ။ ဒီလိုမျိုး အတွေ့အကြုံလည်း တကယ်တော့ မရှိခဲ့သေးဘူး။ အခုမီဒီယာတွေရဲ့ ထိုးဖောက်မှုပေါ့။ တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ရမှာပေါ့။ ပွင့်လင်းမှု ရှိလာတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍက တော်တော်လေး ကျယ်ပြန့်လာတယ်။ သတင်းဖြန့်ချိမှုမှာလည်း အရင်ကလို နိုင်ငံတော်သတင်းစာပဲ မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ်နဲ့ ပုဂ္ဂလိက သတင်းစာတွေ ရှိလာတဲ့အခါ ရေးသားဖော်ပြမှုများလာတော့ အခုမှ ဒီအတွေ့အကြုံက ရှိလာတာ။ ဒါဖြစ်လာတာက တစ်ရက်နှစ်ရက်မှ ဖြစ်လာတဲ့ ကိစ္စလေ။ အပြင်မှာ အော်နေတယ် ဆိုတာကတော့ အန်တီတို့လည်း အခန်းထဲ ရောက်နေတော့ မသိဘူး။ တစ်ဦးချင်း တစ်ယောက်ချင်း အနေနဲ့ကတော့ လူ့အခွင့်ရေး ကြေညာစာတမ်းမှာလည်း ရှိတယ်။ လွတ်လွတ်လပ်လပ် ဝေဖန်လို့ ရတယ်။ အန်တီတို့ရဲ့ ရပ်တည်ချက်က မှန်မှန်ကန်ကန်နဲ့ လူသားချင်းစာနာမှု လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိုလည်း စိတ်ကောင်းစေတနာနဲ့ ဖြေရှင်းပေးတယ်လို့ပဲ အဲ့ဒီလိုပဲ သုံးသပ်ပါတယ်။

Voice : ဒီကော်မရှင်ကို နိုင်ငံတော်သမ္မတ (ဟောင်း) ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး ကော်မရှင်မှာ ပါဝင်တဲ့သူ အားလုံးက အစိုးရ အရာရှိဟောင်းတွေ ဖြစ်နေတယ်။ အဲဒီ့အတွက် ပွင့်လင်းမှုမရှိဘူး ဆိုပြီး အရင်တုန်းကလည်း ဝေဖန်ခြင်း ခံခဲ့ရတယ်။ ယခုအစိုးရ လက်ထက်မှ ဒီကော်မရှင်ကို အရပ်ဘက်အဖွဲ့တွေ ပါဝင်ပြီး ပြန်ဖွဲ့ဖို့ ပြောလာတာတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

Daw M M : အဲဒီလို မေးတာကိုတော့ ဖြေရခက်တယ်။ ကိုယ်က ကော်မရှင်အဖွဲ့ဝင် တစ်ယောက် ဖြစ်နေတယ်။ ဒီကော်မရှင်အဖွဲ့ ၁၁ ဦးအစား နောက် ၁၁ ဦးတည်းပါ ဆိုတာကတော့ ကိုယ်အနေနဲ့တော့ ဖြေဖို့မလိုဘူးလို့တော့ ထင်တယ်။ ဖြေဖို့လည်း ခက်တယ်လေ။ ထွက်ဖို့လိုသလား ဆိုရင်တော့ ကိုယ်တွေ ထွက်ပေးမှ နောက်တစ်ဖွဲ့ ဖြစ်လာမှာပေါ့။ ဆိုလိုတာက ဝေဖန်တာတော့ ဝေဖန်ပါ။ ဒါပေမဲ့ အန်တီတို့က မှန်ကန်တဲ့ ရပ်တည်ချက်မှာ ဆောင်ရွက်ပေးတယ်။ ပြစ်မှုအရ အရေးယူသင့်တာတွေ ဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။ အန်တီတို့ကလည်း အတွေ့အကြုံ ရှိတယ်လေ။ အန်တီတို့ထံမှာ အိမ်ဖော်သုံးယောက် ဖြစ်စဉ်လေ တရားစွဲထားတာပဲ။ ဒါပေမဲ့ အခုအချိန်ထိတော့ အရိုက်ခံရတဲ့ ကလေးတွေအတွက် နစ်နာကြေး ပေးတာတော့ မကြားရသေးဘူး။

Voice : အခုလို ဖြစ်စဉ်က လူကုန်ကူးမှုမြောက်တယ်လို့ ပြောတာတွေလည်း ရှိပါတယ်။ အဲလိုပြောလို့ ရနိုင်လား။

Daw M M : လူကုန်ကူးတယ်ဆိုတာ ပွဲစားရှိရမယ်။ အကူးခံရတဲ့သူ ရှိရမယ်။ ပြည်တွင်းမှာရော ပြည်ပမှာရော ကုန်ကူးတဲ့သူက လူတစ်ယောက်ရဲ့ လစာကို ခေါင်းပုံဖြတ်စားတာတို့ပေါ့။ သူကတော့ လစာကို မှန်မှန်ပေးရင်တော့ လူကုန်ကူးမှု မမြောက်ဘူး။ သို့သော်လည်းပဲ မပေးဘူးလို့ ပြောတယ်။ ဒါ ရဲတပ်ဖွဲ့ကပဲ ဆောင်ရွက်သွားမှာပါ။

Voice : လူ့အခွင့်အရေး အခြေအနေက အရင်အစိုးရနဲ့ အခုအစိုးရ တိုးတက်မှုတွေ ရှိလား။

Daw M M : လူ့အခွင့်အရေးဆိုတာ နှစ်ကာလနဲ့ ပိုင်းဖြတ်လို့တော့ မရဘူး။ ဥပမာ- မိုင်းယော်ဖြစ်စဉ် ဖြစ်တော့ ကာကွယ်ရေးကို ပို့လိုက်တယ်။ အများနဲ့ ပတ်သက်တော့ သတင်းစာရှင်းလင်းပွဲ လုပ်ပါလို့ အကြံပြုလိုက်တယ်။ တပ်မတော်ကလည်း လုပ်ပေးတယ်။ တရားစွဲဆိုမှုလည်း လုပ်ပေးတယ်။ အများသူငါ ကိုယ်တိုင်လည်း တရားစီရင်တဲ့အခါ တက်ရောက်နိုင်တယ်။ တရားစီရင်တဲ့အခါ တပ်မတော် စည်းကမ်းအရ ဆောင်ရွက်လိုက်တာ ရှိတယ်။

Voice : မြန်မာတပ်မတော်ကရော လူ့အခွင့်အရေး အခြေအနေတွေမှာ ဘယ်လောက်တိုးတက်မှု ရှိလဲ။

Daw M M : မိုင်းယော်ကိစ္စဆိုရင် တကယ်လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကုန်လုံး ပွင့်လင်းမြင်သာလာတယ်။ အမှုစစ်တဲ့အခါမှာလည်း သက်ဆိုင်ရာ ရွာကလူတွေ တက်ပြီး နားထောင်နိုင်တယ်။ ဆုံးဖြတ်တာတွေကိုလည်း နားထောင်နိုင်တယ်။ အဲမှာ မကျေနပ်ရင်လည်း သူတို့ရဲ့ ဆန္ဒပဲလေ။                               

ကျော်စိုးဦး