News

POST TYPE

POPULAR POST

စာရင်းသေအပ်ငွေ အတိုးနှုန်း သတ်မှတ်နှုန်းထားအတိုင်းထားရန် ဗဟိုဘဏ်ထုတ်ပြန်
05-May-2018 tagged as ဗဟိုဘဏ်

ရန်ကုန်၊ မေ ၅

ကမ္ဘောဇဘဏ်က လျှော့ချသတ်မှတ်လိုက်သည့် စာရင်းသေအပ်ငွေအချို့၏ အတိုးနှုန်းကို ဗဟိုဘဏ်၏ တရားဝင် သတ်မှတ်နှုန်းထားများအတိုင်းသာထားရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေလ ၄ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

ကမ္ဘောဇဘဏ်သည် နှစ်ရှည်ချေးငွေ ပုံစံအသစ်ကို ထုတ်ချေးနိုင်ရန် ဧပြီလ ကုန်ပိုင်းလောက်က ငွေစုဘဏ်စာရင်း (Savings Account) နှင့် စာရင်းသေအပ်ငွေ (Fixed Deposit) များ၏ အတိုးနှုန်းများကို အတိုးအလျှော့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အတိုးအလျှော့ပြုလုပ်ရာတွင် အဖွဲ့အစည်းများက အပ်နှံသည့် စာရင်းသေအပ်ငွေ၏ အတိုးနှုန်းကို ရက်ပေါင်း ၃၀ စာအတွက် ယခင်က ၉ ရာခိုင်နှုန်းပေးခဲ့ရာမှ ယခုအခါတွင် ၆ ရာခိုင်နှုန်းပေးမည်ဟု ထုတ်ပြန်ခဲ့ခြင်းကြောင့် ဗဟိုဘဏ်က သတ်မှတ်ထားသည့် အပ်ငွေအပေါ်တွင် ပေးရမည့် အတိုးနှုန်း ၈ ရာခိုင်နှုန်းထက်မနည်းစေရ ဟူသောအချက်ကို သွေဖည်သောကြောင့် ထုတ်ပြန်ချက် ထုတ်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကမ္ဘောဇဘဏ်ကတော့ စာရင်းသေ အပ်ငွေကို ၈ ရာခိုင်နှုန်းထက် မလျှော့ပါဘူးလို့ သတင်းစာထဲမှာ ပြန်ကြော်ငြာထားတယ်။ သူတို့ ပထမကြေညာချက်မှာ ၆ ဒသမ ၅ ရာခိုင်နှုန်းတို့ ၇ ရာခိုင်နှုန်းပေးမယ်လို့ ပါတယ်။ အဲဒီတော့ အပ်တဲ့လူက ရိုးရိုးအပ်တာတောင် ၈ ရာခိုင်နှုန်းရတာ၊ အကြာကြီး အပ်ရမယ့်ငွေကို ဒီလိုမျိုး လျှော့တယ်ဆိုတော့ ပြန်ထုတ်ကုန်မှာပေါ့။ ပြီးတော့ အတိုးနဲ့ပတ်သက်တဲ့ စည်းကမ်းက ဟိုးအရင်တည်းက ထုတ်ပြန်ထားတာ”ဟု ဗဟိုဘဏ်ဥက္ကဋ္ဌရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

ကမ္ဘောဇဘဏ်သည် ယခင်က စာရင်းသေအပ်ငွေကို တစ်နှစ်အထိသာ လက်ခံပြီး အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ ပေးခဲ့ကြောင်း၊ လက်ရှိတွင် အပ်ငွေသက်တမ်းကို သုံးနှစ်အထိ လက်ခံပြီး အတိုးနှုန်းကို ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းအထိ မြှင့်ပေးမည်ဟု ကြေညာသော်လည်း အသင်းအဖွဲ့များ၏ အပ်ငွေများက ယင်းအတိုးကိုမရရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“တကယ်တော့ အသင်းအဖွဲ့တွေရဲ့ ငွေတွေက ပမာဏ များတယ်။ ဘုရားရဲ့ အလှူတော်ငွေတွေ၊ ရန်ပုံငွေတွေ၊ ပရဟိတ လုပ်မယ့်ငွေတွေ ဒါတွေကို ဘဏ်မှာအပ်ရင် အတိုး ၈ ရာခိုင်နှုန်းပေးတာ ဖြစ်သင့်တယ်”ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လတ်တလောတွင် အသင်းအဖွဲ့များ၏ စာရင်းသေအပ်ငွေများကို အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြင့် သုံးနှစ်အထိ လက်ခံသွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။

“နောက်ဆုံးထုတ်ပြန်ချက်မှာ ပါရှိတဲ့အတိုင်း ၈ ရာခိုင်နှုန်းပါပဲ။ ဗဟိုဘဏ်ကလည်း ဒီအတိုးနှုန်းဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်လို့ပဲ ပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီ အရေးယူတာ တခြားဘာကိစ္စမှ မရှိပါဘူး”ဟု ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မျိုးက ရှင်းလင်းပြောကြားသည်။

J-13