News

POST TYPE

POPULAR POST

ထိုင်းနိုင်ငံမှ မာယာထောင်ချောက်များ
05-May-2018 tagged as



ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အထင်ကရ လေဆိပ်ကြီးတစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိတွင်ဖြစ်သည်။ လေဆိပ်ထဲရှိ တီဗီမြင်ကွင်းများပေါ်တွင် နေရောင်ခြည်အောက်က ပင်လယ်ကမ်းခြေရှုခင်းကို ပြလိုက်သည်။ ထို့နောက် မီးရောင်စုံအောက်က ညရှုခင်းကိုပြသည်။ ပြီးတော့မှ သတင်းကြေညာချက်တစ်ခု ပေါ်ထွက်လာသည်။

“လူကုန်ကူးမှုနှင့် လူကျွန်ပြုမှုများအား ထိုင်းနိုင်ငံတွင် ဥပဒေနှင့် ဆန့်ကျင်သည့် အလုပ်များအဖြစ် သတ်မှတ်ထားပါတယ်ရှင်။ ပြစ်မှုကျူးလွန်သူတွေကို ပြင်းထန်စွာအရေးယူ အပြစ်ပေးနေပါတယ်” ဆိုသည့် အမျိုးသမီး အသံပေါ်လာသည်။ တီဗီဖန်သားပြင်ပေါ်တွင် လူကုန်ကူးမှုနှင့် လူကျွန်ပြုနေမှုများကို တွေ့ရှိလျှင် အကြောင်းကြားရမည့် ဖုန်းနံပါတ်တွေကိုလည်း ဖော်ပြပေးနေသည်။ 

ထိုင်းနိုင်ငံတွင် လေဆိပ်တွင်သာမက၊ ကုန်စုံဆိုင်ကြီးများအပြင် တစ်နိုင်ငံလုံးနေရာအနှံ့ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး လှုပ်ရှားမှုတွေကို ယခုနှစ်အတွင်း ပိုပြီးလုပ်လာကြသည်။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသည်တွေကို ပစ်မှတ်ထားပြီး ထိုင်းနိုင်ငံ၌ လူကုန်ကူးမှုများကို တိုက်ဖျက်နေကြောင်း သိစေရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ထိုင်းက လူကုန်ကူးမှုများအနည်းဆုံးနိုင်ငံအဖြစ် အဆင့်တက်ချင်နေသည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာလည်ပတ်သည့် နေရာတစ်နေရာအဖြစ် စံချိန်တင်နိုင်ရန် ကြိုးပမ်းနိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အစိုးရထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်ပေါင်း ၃၅ သန်းရှိသည်။ ယခုနှစ် (၂၀၁၈) တွင် ကမ္ဘာလှည့် ခရီးသည် ၃၇ ဒသမ ၆ သန်းခန့် လာရောက်လည်ပတ်ကြလိမ့်မည်ဟု ခန့်မှန်းထားသည်။ 

သို့သော် ထိုင်းနိုင်ငံက သတင်းတွေကလည်း မွှေးသည်။ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် လူကုန်ကူးမှုနှင့် ကျွန်ပြုမှု အများဆုံးနိုင်ငံဖြစ်ကြောင်း အော်နေကြသည်။ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ရောင်းစားနေမှုများအပြင်၊ ခေတ်သစ်ကျွန်ပြုနည်း တစ်ခုဖြစ်သည့် ငါးဖမ်းလှေများသို့ ရောင်းစားခြင်း ခံနေရသူများကလည်း ထိုင်းနိုင်ငံတွင် ရှိနေဆဲဖြစ်သည်။ 

၂၀၁၆ ခုနှစ် Global Slavery Index ကို Walk Free ဖောင်ဒေးရှင်းက ထုတ်ပြန်ရာ၌ ထိုင်းနိုင်ငံတွင် ကျွန်ပြုခြင်းခံနေရသူပေါင်း ၄၂၅၅၀၀ ခန့်ရှိသည်ဟုဆိုသည်။ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ အမျိုးသမီးအများစုသည် လိင်ဖျော်ဖြေပေးရသည့် လုပ်ငန်းများတွင် အဓမ္မအခိုင်းခံနေကြရသူများလည်း ဖြစ်နေသည်။ 

အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် လူကုန်ကူးလိုသူများအတွက် အခွင့်အလမ်းကောင်းသည့် နယ်မြေတစ်ခုဖြစ်နေသည်။ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသည်များနှင့် စည်ကားသည့်နေရာများတွင် လူကုန်ကူးမှုလုပ်ငန်းသည် ဒေါ်လာ ၁၂ ဘီလီယံခန့် တန်ကြေးဖြင့် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းကြီးလည်း ဖြစ်နေသည်။ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) အစီရင်ခံစာတွင် လူကုန်ကူးမှုလုပ်ငန်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းထက် ငွေကြေးပိုပြီး အကျိုးအမြတ်ရှိသော လုပ်ငန်းကြီးတစ်ခုဖြစ်လာပြီဟု ဆိုထားသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုနှင့် လူကျွန်ပြုမှု လုပ်ငန်းများသည် ထွန်းကားလာသည်။ ထိုင်းနိုင်ငံသား တစ်ဦး၏ ပျမ်းမျှဝင်ငွေမှာ ဒေါ်လာ ၆၉၀၀ ခန့်အထိ တက်လာသည်။ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံများမှ နိုင်ငံသားတစ်ဦး၏ ပျမ်းမျှဝင်ငွေမှာ ဒေါ်လာ ၁၅၀၀ မှ ၁၇၀၀ အတွင်းသာရှိကြသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများမှ အလုပ်အကိုင်အခွင့်အရေးများအတွက် ထိုင်းနိုင်ငံထဲသို့ စီးဝင်လာကြသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးစနစ်နှင့် ဗီဇာစနစ် လျှော့ပေါ့ပေးထားမှုများကြောင့်လည်း ထိုင်းနိုင်ငံသည် လူကုန်ကူးလိုသူတို့ လာရောက်ပြီး ရောင်းဝယ်ဖောက်ကားနိုင်သည့် အချက်အချာနေရာဒေသကြီး တစ်ခုလိုဖြစ်နေသည်။ ထိုင်းနိုင်ငံတွင် မာဖီးယားဂိုဏ်းကဲ့သို့ စိုးမိုးနေသည့် အဖွဲ့အစည်းများကလည်း ရှိနေဆဲဖြစ်သည်။ ထိုအဖွဲ့အစည်းများက တရုတ်၊ ရုရှား၊ ဂျပန်၊ မြန်မာနိုင်ငံတို့မှ အဖွဲ့များနှင့် ပူးပေါင်းပြီး ရာဇဝတ်မှုများကို ကျူးလွန်နေကြကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတွင် ဂျပန်နိုင်ငံမှ ယာကူဇာဂိုဏ်းဝင်များကလည်း ထိန်းချုပ်လွှမ်းမိုးမှုများ ရှိနေဆဲဖြစ်သည်။ 

လူကုန်ကူးသူများသည် ထိုင်းနိုင်ငံ၏ ကြမ်းတမ်းသော နယ်မြေတစ်ခုဖြစ်သည့် မြောက်ပိုင်းဒေသကို ပစ်မှတ်ထားပြီး ရွေးချယ်ကာ လုပ်ကိုင်ကြသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသသည် အမြဲလိုလို ကသောင်းကနင်းဖြစ်နေသည့် ဒေသဖြစ်နေသောကြောင့် ထိုဒေသတွင် မကောင်းမှုဒုစရိုက်သမားတွေ မင်းမူနေကြသည်။ ထိုဒေသအတွင်း နေထိုင်ကြသူများကလည်းများသော အားဖြင့် ထိုင်းနိုင်ငံကမဟုတ်သည့် နိုင်ငံရပ်ခြားက လာနေသူတွေများသည်။ ထို့ကြောင့်လည်း ဒေသအတွင်း လူကုန်ကူးရန်အတွက် လူသစ်များ ဝင်ထွက်သွားလာရန် အကောင်းဆုံးနေရာတစ်နေရာဖြစ်နေသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတစ်ခုဖြစ်သည့် မယ်ဆိုင်တွင် မိသားစုပေါင်း ၈၀၀ ခန့်နေထိုင်ကြပြီး၊ ယင်းမိသားစုများအနက် ၇၀ ရာခိုင်နှုန်းခန့်မှာ မိမိတို့ သမီးများကို ပြည့်တန်ဆာအဖြစ် ရောင်းစားနေကြောင်း ၂၀၀၁ ခုနှစ်တွင် ကျင်းပသည့် World Congress against Commercial Sexual Exploitation of Children ညီလာခံတွင် ထုတ်ဖော်ထားချက်ကို တွေ့လိုက်ရပါသည်။ အရွယ်မတိုင်မီ ကလေးများမှသည် အသက် ၃၀ ဝန်းကျင် ကလေးများကို ပြည့်တန်ဆာအဖြစ် ရောင်းစားနေကြခြင်းဖြစ်သည်။ အရွယ်ရောက်လာသည်နှင့် ကလေးများကို “ကော်ရှူ” တတ်စေရန် သင်ကြားပေးပြီး ထားရာနေ၊ စေရာသွား၊ ခိုင်းသည့်အတိုင်း လုပ်ဆောင်ပေးရန် လေ့ကျင့်ထားခြင်းခံနေရသူများဖြစ်နေကြောင်းလည်း ဝမ်းနည်းဖွယ်ရာ တွေ့နေရသည်။ 

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများမှ မိန်းမနှင့် ကလေးများကို သွင်းလာပြီး လူကုန်ကူးနေခြင်းကပင်လျှင် ထိုင်းနိုင်ငံမှ အမျိုးသမီးများနှင့် ကလေးများကို ထိုဘေးက ကင်းဝေးစေရန် လုပ်ဆောင်နေသလိုဖြစ်နေကြောင်း ဘန်ကောက်ပို့စ်လို သတင်းစာကြီးတွင် ရေးထားသည်။ ထိုင်းနိုင်ငံတွင် စီးပွားဖြစ်ပြည့်တန်ဆာ လုပ်ကိုင်နေသူ အမျိုးသမီးပေါင်း ၂ သိန်းကျော်ရှိသည်။ ထိုပြည့်တန်ဆာ၏ လေးပုံတစ်ပုံသည် မြန်မာနိုင်ငံမှ မိန်းကလေးများဖြစ်သည်ဟုလည်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ 

ဤမျှ များပြားနေသော လိင်ကျွန်များနှင့် ငါးဖမ်းလုပ်ငန်းခွင်များကို ရောက်လာကြသည့် အလုပ် ကျွန်တွေက သူတို့သဘောနှင့်သူတို့ ဖြစ်လာကြသည်ဟု ပြောရန်ပင်ခက်ခဲလှသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများက နည်းပါးလှသည်။ ထို့ကြောင့် အလုပ်အကိုင်အခွင့်ရှိနိုင်သည့် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းဝင်ရောက်လာခဲ့ကြသည်။ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ရောက်လာကြ သူများဖြစ်သောကြောင့်လည်း သူတို့နှင့် ပါလာသည့် မိသားစုများ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံးကို ပူပန်နေရပြီး ရရာအလုပ်ကို ဝင်လုပ်ကြရရှာသည်။ 

ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူအများစုသည် လူမျိုးစုချင်း အနိုင်ကျင့်မှု၊ မုဒိမ်းကျင့်မှုများကို ခံနေရခြင်းထက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုခု ရှိနိုင်မည့်နေရာသို့ပြောင်းကာ သေသည်ကမှ ကောင်းဦးမည်ဟု ယူဆနေကြသူများဖြစ်သည်။ စစ်ပြေးစစ်ရှောင်၊ လုပ်စားကိုင်စားခွင့်များ ဆုံးရှုံးနေသူတို့တွင် ငွေကြေးများနှင့် စားစရာတွေ အခက်အခဲဖြစ်နေကြသည်။ သူတို့အားလုံး၏ဘဝမှာ လူဖြစ်နေသော်လည်း ထောင်ချောက်ထဲကျနေသလို ခံစားနေကြရသည်ဟုဆိုသည်။ 

ဘန်ကောက်မြို့ လူစည်ကားရာနေရာတိုင်း လိုလိုတွင် အမျိုးသမီးတွေ တန်းစီနေကြသည်ကို တွေ့နိုင်ကြသည်။ ဖြတ်သွားသူများကို တီးတိုးပြောဆိုကာ ဆွယ်ကြသည်။ နောက်ကြပြောင်ကြသည်။ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့် NGO အဖွဲ့များ၏ အဆိုအရ ထိုင်းနိုင်ငံအတွင်း ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူပေါင်း ၁၂၀၀၀၀ ကျော်ရှိသည်ဟုဆိုသည်။ 

ပြည့်တန်ဆာအများစုကို လေ့လာကြည့်သည့် အခါတွင်လည်း သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ဤလောကသို့ ရောက်လာကြသူများဖြစ်သည်ဟု ဆိုကြသည်။ များသောအားဖြင့် ဤဘဝကို တွန်းပို့ခြင်း၊ ရောင်းစားခြင်းခံပြီးရောက် လာရာမှ မထူးဇာတ်ခင်းကာ လုပ်ကိုင်စားသောက် နေကြရခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က ဘန်ကောက်တရားရုံးက လူကုန်ကူးမှုဖြင့် တရားခံ ၆၂ ဦးကို ထောင်ဒဏ် အပြစ်ဒဏ်များ ချမှတ်လိုက်သည်။ ယင်းတို့အထဲတွင် စစ်ဘက်မှ ဗိုလ်ချုပ်ကြီးတစ်ဦးပါဝင် ပတ်သက်နေကြောင်းတွေ့ရသည်။ ထိုင်းနိုင်ငံ စစ်အစိုးရ အာဏာသိမ်းအုပ်ချုပ်နေသည့်ခေတ်တွင် လူကုန်ကူးမှု၌ စစ်ဘက်အရာရှိများ ပါဝင်ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲသိရှိခဲ့ကြရခြင်းဖြစ်သည်။ 

လူကုန်ကူးမှုတားဆီးရေး Nightlight International အဖွဲ့ကို ထူထောင်ထားသူ CEO အန်နီ ဒီဆဲလ်ဘတ်ကလည်း မိမိတို့အဖွဲ့အစည်းအနေနှင့် ၂၀၁၀ ပြည့်နှစ်ကတည်းက လူကုန်ကူးမှုတားဆီး ရေးအတွက် ထိုင်းနိုင်ငံတွင် လာရောက်လှုပ်ရှားနေခြင်းဖြစ်သော်လည်း အာဏာပိုင်များကိုယ်တိုင်က ပူးပေါင်းပါဝင်ပတ်သက်နေသောကြောင့် လုပ်ဆောင်ရခက်ခဲနေရကြောင်း ပြောကြားခဲ့သည်။

“စစ်တပ်က လူကုန်ကူးသူတွေကို နှိမ်နင်းရမယ့် တာဝန်အများကြီးရှိတယ်။ လူကုန်ကူးမှုတွေကို အလုပ်သမားလိုအပ်တဲ့နေရာတွေမှာလည်း လုပ်နေကြတယ်။ အထူးသဖြင့်တော့ ပင်လယ်စာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ကျွန်ကုန်ကူးနေတာတွေအများကြီး လုပ်နေတာပဲ” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုကို တိုက်ဖျက်သည်ဆိုသော်လည်း လိင်လုပ်ငန်းအတွက် ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းကို တိုက်ဖျက်နေခြင်းသာဖြစ်ပြီး အလုပ်ကျွန်များအဖြစ် လူသားများကို လွှဲပြောင်းကုန်ကူးနေသည့် ဘေးအား မတားဆီးနိုင်သေးပေ။ လက်ရှိအနေအထားတွင် ထိုင်းနိုင်ငံသို့ရောက်လားသည့် အမျိုးသမီး ငါးဦးလျှင်တစ်ဦးသည် ပြည့်တန်ဆာဖြစ်သွားပြီး လေးဦးမှာ ကျွန်ဇာတ်သွင်းခြင်းခံနေရသည့်ဘက်ကို ရောက်သွားခြင်းကလည်း စိုးရိမ်စရာ ကောင်းလာသည်။ 

နည်းမျိုးစုံဖြင့် ရောက်လာကြသည့် နိုင်ငံခြားမှ လုပ်သားများပြဿနာကို ကိုင်တွယ်ဖြေရှင်းသည် ဆိုသော်လည်း ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်သည့် အနေအထားများတွင် မရှိသေးပါ။ လူဆိုးဂိုဏ်းများကိုသာမက အာဏာပိုင်အဖွဲ့အစည်းများကိုပါကြောက်နေရသောကြောင့် တိတ်တိတ်ပုန်းကြွေလွင့်နေရသူတွေ များစွာရှိနေပါသည်။ အမျိုးသမီးတစ်ဦးကို လူကုန်ကူး သူများလက်က ကယ်တင်ပြီး လွှတ်ပေးလိုက်လျှင်လည်း သူတို့အတွက် အခြားခိုနားစရာ နေရာမရှိပေ။

ထိုင်းနိုင်ငံတွင် ၂၀၁၅ ခုနှစ် စစ်အစိုးရတက်လာပြီးနောက် ဥရောပသမဂ္ဂသည် ငါးတင်ပို့မှုအား ပိတ်ပင်လိုက်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ငါးနှင့် ပင်လယ်စာလုပ်ငန်းက ကျဆင်းမသွားပေ။ အိမ်နီးချင်းနိုင်ငံများမှ ကျွန်လုပ်သားများကို နည်းမျိုးစုံနှင့် စုဆောင်းပြီး ရက်စက်စွာခိုင်းစေခြင်းများကို လုပ်ဆောင်နေကြဆဲဖြစ်သည်။ 

ထိုင်းနိုင်ငံပင်လယ်စာလုပ်ငန်းသည် ကမ္ဘာ့တတိယအကြီးဆုံးဖြစ်လာသည်။ နိုင်ငံခြားပို့ကုန်အဖြစ်လည်း အမြောက်အမြားတင်ပို့နေရသောကြောင့် ပြည်တွင်းထုတ်လုပ်အားကို တိုးမြှင့်ရန် အိမ်နီးချင်းနိုင်ငံများက ကျွန်လုပ်သားတွေကို နည်းမျိုးစုံဖြင့် စုဆောင်းနေသည်။ ထိုင်းနိုင်ငံ ရေလုပ်ငန်းနှင့် စည်သွပ်စက်ရုံများတွင် လာရောက်လုပ်ကိုင်နေသော အလုပ်ကြမ်းသမားပေါင်း သုံးသိန်းကျော်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ထားသည်။

(Ref: Business & Human Rights Resource Center, The Bangkok Post, G-Captain, Reuters, PBS.org)

  • TAGS