News

POST TYPE

POPULAR POST

နေပြည်တော်တွင် မိန်းကလေးတစ်ဦး ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာဖြင့် လည်လှီးအသတ်ခံရ
01-May-2018

ရန်ကုန်၊ မေ ၁

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်တွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာဖြင့် လည်လှီးအသတ်ခံရကြောင်း ထုံးဘိုမြို့မ ရဲစခန်းထံမှ သိရသည်။

အသတ်ခံရသည့် အမျိုးသမီးမှာ ယင်းရပ်ကွက်ရှိ ပေါင်းလောင်းလမ်းတွင် နေထိုင်သူဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့က ရပ်ကွက်ထဲရှိ လူမနေသည့် ခြံဝင်းထဲရှိ အိမ်အောက်မှ ၎င်း၏ရုပ်အလောင်းကို နွားကျောင်းနေသည့် ကလေးငယ်တစ်ဦးက စတင် မြင်တွေ့ခဲ့သည်။

“လောလောဆယ် လူသတ်မှုနဲ့ပဲ အမှုဖွင့်ထားတယ်။ မုဒိမ်းမှု ဖြစ် မဖြစ်တော့ ဆေးစာအဖြေထွက်မှပဲ သိရမှာ။ တရားခံကိုလည်း မမိသေးဘူး။ ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် မသင်္ကာသူတွေကို စစ်ဆေး မေးမြန်းနေတယ်”ဟု ထုံးဘိုရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာဖြင့် လည်လှီးသတ်ခံထားရသည့် အမျိုးသမီး၏အမှုကို ထုံးဘိုမြို့မ ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး သေဆုံးသူမှာ အိမ်ထောင်မရှိသူ ဖြစ်သောကြောင့် ၎င်းနှင့် လူမှုရေး ပတ်သက်ဆက်နွှယ်ခဲ့သူများကို စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03