News

POST TYPE

POPULAR POST

ဘက်ထရီတပ် စက်ဘီးနှင့် ဆိုင်ကယ်များ ရန်ကုန်တွင်ဖမ်းမည်
25-Apr-2018

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို ပိတ်ပင်ထားသည့်အပြင် ဘက်ထရီတပ်ဆင်မောင်းနှင်သည့် စက်ဘီးများကိုပါ ဖမ်းဆီးမည်ဖြစ်ကြောင်း အမှတ် ၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘက်ထရီတပ်တဲ့ ဆိုင်ကယ်ရော စက်ဘီးကိုပါ ဖမ်းဆီးမှာပါ။ ဘက်ထရီဆိုတာကလည်း စွမ်းအင်တစ်မျိုးကို အသုံးပြုပြီး ရွေ့လျားသွားလာတဲ့ယာဉ် ဖြစ်တယ်။ ဒီလို စက်တပ်ယာဉ်မှန်သမျှကို စစ်ဆေးဖမ်းဆီးမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် မရှိသည့်မြို့နယ်များတွင် စီးနင်းခြင်းနှင့် နယ်ကျော်ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များကို နိုင်ငံပိုင်အဖြစ်သိမ်းမည်ဖြစ်ကြောင်း ဧပြီလ ၂၂ ရက်က ရန်ကုန်တိုင်းယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးချက်ကို ထပ်မံ
ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အပြင် ဘက်ထရီတပ်ဆင်မောင်းနှင်သည့် ဆိုင်ကယ်နှင့် စက်ဘီးများကိုပါဖမ်းဆီးရန် စီစဉ်နေကြောင်း အမှတ် (၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူက ပြောကြားခြင်းဖြစ်သည်။

လက်ရှိ စည်ပင်သာယာနယ်နိမိတ် ပြင်ပဖြစ်သော သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတပင် မြို့နယ်များတွင်သာ မော်တော်ဆိုင်ကယ်များကို စီးနင်းခွင့်ပြုထားသည်။

စက်ဘီးများသည် အနှေးယာဉ် စက်ဘီး၊ ဆိုက်ကား မဝင်ရလမ်းမှလွဲ၍ မည်သည်မြို့နယ်မဆို စီးနင်းခွင့်ရှိပြီး ဘက်ထရီတပ်ဆင် အသုံးပြုမည်ဆိုပါက စက်တပ်ယာဉ် လိုင်စင်ပြုလုပ်ရမည်ဖြစ်ကြောင်း အမှတ် (၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

မော်တော်ဆိုင်ကယ်များအနေနှင့် ကိုယ်ပိုင်ယာဉ်အဖြစ် စီးနင်းမှုများအပြင် အငှားယာဉ် (ကယ်ရီဆိုင်ကယ်) အဖြစ် အသုံးပြုမောင်းနှင်မှုများရှိပြီး အဆိုပါဆိုင်ကယ်များကို ဖမ်းဆီးမည်ဟု ပြောဆိုနေခြင်းမှာ နှစ်ပေါင်းကြာမြင့်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ထိထိရောက်ရောက် မဖမ်းဆီဘဲ ယာဉ်ထိန်းရဲများရှေ့တွင်ပင် စီးနင်းနေမှုများ ရှိကြောင်း မြောက်ဥက္ကပမြို့နယ်ဒေသခံများက ပြောကြားသည်။

“ဖမ်းမယ်ဆိုရင် တကယ် ထိထိရောက်ရောက် ဖမ်းပါ။ ခွင့်ပြုမယ်ဆိုရင်လည်း ခွင့်ပြုချက်ပေးလိုက်ပေါ့။ ဥပဒေအရ စီးခွင့် မရှိဘူးဆိုပြီး စီးနေတာမြင်တော့ ဥပဒေကို အလွဲသုံးစား လုပ်တာလား။ အစိုးရ တာဝန်ရှိသူကပဲ ဥပက္ခေပြုနေတာလား”ဟု လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ဒေသခံတစ်ဦးက ဆိုသည်။

တရားမဝင် လိုင်စင်မဲ့ဆိုင်ကယ်များကို စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၂ အရ ဒဏ်ငွေကျပ် ငါးသောင်းမှ ကျပ်သုံးသိန်းနှင့် ထောင်ဒဏ်သုံးလအထိ ချမှတ်နိုင်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

J-06