News

POST TYPE

POPULAR POST

မုံရွာခရီးစဉ် ကားလက်မှတ် ၁၀၀ ခန့် လိမ်လည်ရောင်းချသူကို စုံစမ်း
22-Apr-2018

ရန်ကုန်၊ ဧပြီ ၂၁

သင်္ကြန်ပွဲတော်ရက်မတိုင်ခင် မုံရွာခရီးစဉ်ကို စီးနင်းမည့်ခရီးသည်များကို ကားလက်မှတ် ၁၀၀ ခန့် လိမ်လည်ရောင်းချမှုဖြစ်ခဲ့ပြီး ထိုရောင်းချသူကို အဝေးပြေးရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စုံစမ်းနေကြောင်း အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း (YRTA) ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဧပြီ ၁၁ ရက်မှာ စီးဖို့ လက်မှတ်ဖြတ်ထားကြတာ။ အဲဒီနေ့မှာ စီးမယ့်ကားကမရှိတော့ ရုံးကို ခရီးသည် ၉၆ ဦးက လာတိုင်ကြတယ်လေ။ အဲဒီမှာ နာမည်မရှိတဲ့ယာဉ်လိုင်းအမည်နဲ့ လိမ်ရောင်းသွားမှန်းသိတာ” ဟု ၎င်းက ဆိုသည်။

မေတ္တာရှင် မြန်မာပြည်အနှံ့ဘုရားဖူးပို့ဆောင်ရေးအမည်ဖြင့် မုံရွာခရီးစဉ် ပို့ဆောင်မည်ဟူ၍ လက်မှတ်များ လိမ်လည်ရောင်းချခဲ့ပြီး လက်မှတ်တစ်စောင်လျှင် ကျပ်နှစ်သောင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လိမ်ရောင်းတဲ့သူက ကတုံးလေးနဲ့ကတုံးကြီးလို့ နာမည်ပြောင်ပဲ သိထားတယ်။ နာမည်အရင်းတွေ မဟုတ်ဘူး။ သူတို့က ထွက်ပြေးနေတယ် မမိသေးဘူး။ အဝေးပြေးယာဉ်လိုင်းဆိုရင် နာမည်အတိအကျနဲ့ဆိုတော့ ဖမ်းဆီးစစ်ဆေးရတာ လွယ်တယ်။ အခုက ဝင်းထဲ ဘယ်သူမှန်းမသိ လိမ်ရောင်းသွားတာ”ဟု ၎င်းက ဆိုသည်။

လက်မှတ်လိမ်ရောင်းခံရသည့် ခရီးသည်များအနက် ဧပြီလ ၁၁ ရက်က ခရီးသည် ၃၅ ဦးကို ကားတစ်စီး၊ ဧပြီလ ၁၂ ရက်က ခရီးသည် ၆၁ ဦးကို ကားသုံးစီးဖြင့် အဝေးပြေးယာဉ်ရပ်နားစခန်း YRTA က မုံရွာခရီးစဉ်ကို စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ YRTA (အဝေးပြေးစခန်း) ထံမှ သိရသည်။

၂၀၁၇ ခုနှစ် သင်္ကြန်ကာလမတိုင်ခင် နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ ပြည် ခရီးစဉ်များကို ထူးစေတနာ၊ စည်းလုံးခြင်း၊ မုံရွာသား အဆင့်မြင့်ဘုရားဖူးခရီးသည်ပို့ဆောင်ရေးနာမည်ဖြင့် ခရီးသည် ၁၆၅ ဦးကို လက်မှတ်လိမ်လည်ရောင်းချခဲ့ကြောင်း အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း YRTA ထံမှ သိရသည်။

ယခင်နှစ်က ဘုရားဖူးယာဉ်အဖြစ် အဝေးပြေးလက်မှတ်လိမ်ရောင်းခဲ့သည့် ပို့ဆောင်ရေးယာဉ်လိုင်း သုံးခုမှာ မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးအသင်းတွင် နာမည်တူမရှိခဲ့ကြောင်း ပြည်တွင်းခရီးသွားဘုရားဖူးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်မင်းလှိုင်က ပြောကြားသည်။

“ဒီနေ့က ရုံးပိတ်ရက်ဖြစ်တော့ အသင်းတွေ အလွတ်မပြောနိုင်ဘူး။ ဒါကြောင့် မေတ္တာရှင် နာမည်တူ ရှိ၊ မရှိ မသိတာပါ။ အခုလို လက်မှတ်လိမ်ရောင်းတာတွေရှိလို့ ပြည်တွင်းဘုရားဖူးအသင်းကို ထိခိုက်မှုမရှိပါဘူး။ အသင်းကုမ္ပဏီဆိုရင်လည်း အရေးယူမှာပါ။ ခရီးသည်တွေ သေချာတိုင်ပါ။ အရေးယူကြမှာပါ” ဟု ၎င်းက ဆိုသည်။

J-06