POST TYPE

POPULAR POST

လှိုင်သာယာတွင် ဓားချင်းယှဉ်ထိုးမှု တစ်ဦး သေဆုံး
ရန်ကုန်၊ ဧပြီ ၂၁

လှိုင်သာယာမြို့နယ်၊ (၁၄) ရပ်ကွက်၊ အောင်သုခပတ်လမ်းတွင် ဧပြီလ ၂၀ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရန်ငြိုးရန်စရှိသည့် အမျိုးသားနှစ်ဦး ဓားချင်းယှဉ်ထိုးရာမှ အသက် ၂၀ နှစ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ညာရင်အုံတွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့သော အမျိုးသားမှာ အခင်းဖြစ်နေ့က အောင်သုခပတ်လမ်းရှိ ၎င်း၏ နေအိမ်တွင် ရှိနေချိန် ယခင်က ရန်ဖြစ်ခဲ့ဖူးသူ အသက် ၄၆ နှစ် ဝင်းထိန်က ဓားကိုင်ဆောင်၍ ရောက်ရှိလာပြီး နေအိမ်အပြင်ထွက်လာရန် စိန်ခေါ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် သေဆုံးသူကလည်း နေအိမ်ထဲရှိ ဓားကိုကိုင်ဆောင်၍ လမ်းပေါ်ထွက်လာခဲ့ပြီးနောက် နှစ်ဦး ဓားချင်းယှဉ်ထိုး လုံးထွေးသတ်ပုတ်စဉ် ၎င်း၏ ညာရင်အုံကို ဓားဖြင့်ထိုးခံရပြီးနောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“နှစ်ယောက်စလုံးမှာ ဓားတွေနဲ့မို့ လမ်းထဲက လူတွေလည်း ဘယ်သူမှ ဝင်မဆွဲရကြဘူး။ သူတို့ရန်ပွဲပြီးသွားမှပဲ လမ်းထဲက လူတွေက ဓားဒဏ်ရာနဲ့ လဲကျနေသူကို ဆေးရုံပို့ပေးဖို့ စီစဉ်ခဲ့ကြတာ။ ဒါပေမဲ့ ဆေးရုံရောက်တော့ ဒဏ်ရာနဲ့လူက အသက်မပါလာတော့ဘူး”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါလူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ဝင်းထိန်ကို အခင်းဖြစ်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ၎င်းကို လှိုင်သာယာ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03