POST TYPE

POPULAR POST

ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး အရေးယူခံရ
20-Apr-2018 tagged as ဧရာဝတီတိုင်း


ပုသိမ်၊ ဧပြီ ၂၀

ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားမှူးရေးမှူးတစ်ဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် ဧပြီလ ၁၉ ရက်နေ့က ရာထူးအဆင့် လျှော့ချကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အရေးယူလိုက်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးအဖွဲ့ရုံးမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်အား နိုင်ငံဝန်ထမ်းများ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်းများကို ချိုးဖောက်ကျူးလွန်ခဲ့သဖြင့် ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က The Voice သို့ ပြောကြားသည်။

“လက်ရှိ တိုင်းအဆင့် ညွှန်ကြားရေးမှူး ရာထူးကနေ ဖျာပုံမြို့နယ်မှာ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် ရာထူးလျှော့ချ ပြောင်းရွှေ့အမိန့် ထုတ်လိုက်ပြီးဖြစ်တယ်”ဟု ၀န်ကြီးက လက်ဆက်ပြောကြားသည်။

ယခုကဲ့သို့ အရေးယူခံခြင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် မည်သို့မျှ မပြောကြားလိုတော့ကြောင်း အစိုးရအဖွဲ့၏ ညွှန်ကြားစာအရသာဖြစ်ကြောင်း အရေးယူခံရသည့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဟောင်း ဦးအောင်မင်းနိုင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လစ်လပ်သွားသော ညွှန်ကြားရေးမှူး ရာထူးနေရာတွင် ယင်းအဖွဲ့မှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးနိုင်လင်းမောင်အား ခေတ္တ ညွှန်ကြားရေးမှူးအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးခန့်အပ်ထားကြောင်း၊ ဧရာဝတီတိုင်း အစိုးရသစ် လက်ထက်အတွင်း တိုင်းအဆင့် ညွှန်ကြားမှူးအဆင့်ရှိ အရာရှိတစ်ဦးအား ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

R-12