News

POST TYPE

POPULAR POST

ကျည်ဆန်ခွံများဝတ်ဆင်ကာ လိုင်စင်မဲ့ဆိုင်ကယ်ဖြင့် သင်္ကြန်လည်သည့် ဆိုင်ကယ်သမားတစ်ဦးကိုဖမ်းဆီး
19-Apr-2018



မန္တလေး၊ ဧပြီ ၁၈

ယမ်းမပါသည့် ကျည်ဆန်ခွံများကို လက်ကောက်လုပ်ဝတ်ကာ သင်္ကြန်ပွဲတော်တွင် လည်ပတ်ခဲ့သူ ဆိုင်ကယ်စီးသမားတစ်ဦး လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းမှုကြောင့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

“စတွေ့တုန်းက ကျည်ဆန်တွေနဲ့ဆိုပြီး ခေါ်စစ်တာ။ ကျည်ဆန်တွေကတော့ အန္တရာယ်လည်းမရှိဘူး။ ပေါက်ကွဲနိုင်မှုလည်း မရှိတဲ့အတွက် အရေးမယူပေမယ့် သူစီးလာတဲ့ဆိုင်ကယ်က လိုင်စင်မဲ့ဖြစ်နေတယ်။ ဒါကြောင့်အရေးယူပါတယ်”ဟု ယင်းအရာရှိက ရှင်းပြသည်။

ပြင်ဦးလွင်မြို့တွင် နေထိုင်သူ ဦးစနေ (ခ) ဦးကျော်ကျော်ဝင်းသည် အသုံးပြု၍မရတော့သော ယမ်းမပါသည့် ကျည်ထိပ်ဖူး ၁၅ တောင့်ခန့်ကို သံကွင်းများဖြင့်ချိတ်ဆတ်ကာ လက်ကောက်သဏ္ဌာန် ပြုလုပ်ဝတ်ဆင်ထားပြီး ခါးပတ်တွင်လည်း ကျည်ငါးတောင့်ချိတ်ဆွဲကာ သင်္ကြန်ပွဲတော်တွင် လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့လည်ပတ်နေစဉ် ဧပြီလ ၁၄ ရက်နေ့က အောင်မြေသာစံမြို့နယ် ကျုံးအနောက်ဘက် လမ်း ၈၀ နှင့် ၂၃ လမ်းထောင့်တွင် ဆိုင်ကယ်ရပ်ကာ လမ်းလျှောက်နေစဉ် လုံခြုံရေးတာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့ကတွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

“ကိုစနေ အခုလိုဖမ်းခံရတာနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာက ကျုံးပတ်လည်မှာ ရန်ပွဲတွေ ခဏခဏဖြစ်ခဲ့ပါတယ်။ အဲ့ဒီရန်ဖြစ်မှုတွေကို ကြည့်ရင် တုတ်တွေ၊ ဓားတွေနဲ့ဝိုင်းထိုး ဝိုင်းခုတ်ကြတာတွေအထိ ရှိခဲ့တယ်။ အဲ့ဒီသူတွေကို ရဲတွေချက်ချင်း လာမဖမ်းနိုင်ခဲ့ကြဘူး။ ကျည်ဆန်အခွံတွေ လက်ကောက်လုပ်ဝတ်တဲ့ သူကိုကျတော့ ဖမ်းပြီးစစ်တယ်။ ကျည်ဆန်က အရေးယူလို့မရတော့ ဝစ်သောက် (လိုင်စင်မဲ့) ဆိုင်ကယ်စီးလို့ဆိုပြီး အရေးယူတယ်။ ဖမ်းတာကလည်း လမ်းဘေးမှာ ဆိုင်ကယ်ထိုးရပ်ထားတဲ့ အချိန်ကြီးမှာ ဖမ်းတာပါ”ဟု မန္တလေးမြို့မှ Skull Biker အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစူပါက ပြောကြားသည်။

ဦးစနေသည် ၂၀၁၇ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ် လျော့ကျစေရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရေး ရည်ရွယ်ကာ ပြင်ဦးလွင်-မန္တလေး- ရန်ကုန် မိုင်တစ်ထောင်ကျော်ခရီးကို အသွားအပြန် လမ်းလျှောက်ခဲ့သူတစ်ဦးဖြစ်သည်။

ယခုဖမ်းဆီးခံရသည့် မော်တော်ဆိုင်ကယ်မှာလည်း အဆိုပါ မိုင်တစ်ထောင်ကျော် လမ်းလျှောက်မှုအတွက် ဂုဏ်ပြုသည့်အနေနှင့် Bikers များက စုပေါင်းဂုဏ်ပြုပေးအပ်ထားသည့် ဆိုင်ကယ်ဖြစ်ကြောင်း ဦးစူပါက ရှင်းပြသည်။

လတ်တလောတွင် ဦးစနေကို ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်ထားပြီး အောင်မြေသာစံမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူကာ ယင်းမြို့နယ် အမှတ် (၅) ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။ 

M-04

  • VIA