News

POST TYPE

POPULAR POST

မိတ္ထီလာခရိုင်တွင် သြင်္ကန်ကာလ အဆိပ်သောက်မှုနှစ်ခုဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံး
16-Apr-2018

မိတ္ထီလာ၊ ဧပြီ ၁၆

မိတ္ထီလာခရိုင်အတွင်း သြင်္ကန်တွင်းကာလ အဆိပ်သောက်မှုနှစ်ခုဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းများထံမှ စုံစမ်းသိရသည်။

ဧပြီလ ၁၄ ရက် (သြင်္ကန်အကျနေ့) ည ၁၁ နာရီအချိန်က ဝမ်းတွင်းမြို့နယ် ရွှေကူကျေးရွာတွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ်ရှိ ဒေါ်အေးစန္ဒာသည် ပြင်ပဒဏ်ရာမရှိဘဲ နှာခေါင်းနှင့်ပါးစပ်တို့မှ အမြုပ်များထွက်၍ သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ၎င်းသည် ခင်ပွန်းဖြစ်သူ အသက် ၂၅ နှစ်အရွယ်ရှိ ဦးစိုးမင်းနိုင်နှင့် စကားများရာမှ ခင်ပွန်းဖြစ်သူအပြင်သို့ ထွက်သွားခဲ့ပြီး ည ၇ နာရီအချိန်တွင် ဦးစိုးမင်းနိုင် အိမ်သို့ပြန်ရောက်စဉ် ဇနီးဖြစ်သူမှာ အဆိပ်သောက်ထားသောလက္ခဏာ တွေ့ရကြောင်း မည်သည့်အဆိပ်သောက်ထားသည်ကို မသိရသဖြင့် ကူမဲဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါအမှုကို ရွှေတောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ် ၄/ ၂၀၁၈ ဖြင့်ရေးဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

အလားတူပင် ဧပြီလ ၁၅ ရက် (သြင်္ကန်အကြတ်နေ့) မွန်းလွဲ ၃ နာရီအချိန်က မိုနိုအမည်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးသောက်ထားသော အမျိုးသမီးတစ်ဦး မိတ္ထီလာဆေးရုံတွင် ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ပိုးသတ်ဆေးသောက်ထားသူမှာ မိတ္ထီလာမြို့နယ် အနောက်စံပြကျေးရွာတွင်နေသော အသက် ၂ဝ အရွယ် ဒေါ်ဇင်မာစိုးဖြစ်ပြီး သတိကောင်းစွာမရဘဲ စကားမပြောနိုင်သဖြင့် မိခင်ဖြစ်သူ အသက် ၄၅ နှစ် အရွယ် ဒေါ်ညိုကိုမေးမြန်းရာ ဒေါ်ဇင်မာစိုးသည် လွန်ခဲ့သောလေးလခန့်ကစ၍ကွဲကွာနေခဲ့ပြီး တရားဝင်ကွာရှင်းရခြင်း မရှိသေးသော ခင်ပွန်းဖြစ်သူ အသက် ၁၇ နှစ်အရွယ် ချစ်ညွန့်နှင့်ဖုန်းဆက်ကာ စကားများခဲ့ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အဆိပ်သောက်သည်ဟုယူဆကြောင်း ပြောဆိုချက်အရ မိမိကိုယ်ကိုသေကြောင်းကြံစည်သူ ဒေါ်ဇင်မာစိုးကို အမှတ်( ၃) ရဲစခန်းက (ပ) ၅၇/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း ယင်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

R-01