News

POST TYPE

POPULAR POST

မြန်မာ့တပ်မတော်ကို အမည်ပျက်စာရင်းသွင်း၊ ယနေ့ ကျင်းပမည့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆွေးနွေးမည်
16-Apr-2018 tagged as



ဘေဂျင်း၊ ဧပြီ ၁၆

ကမ္ဘာ့ကုလသမဂ္ဂသည် မြန်မာ့တပ်မတော်ကို အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစသည်တို့အတွက် အမည်ပျက်စာရင်း သွင်းလိုက်ပြီဖြစ်ပြီး ယင်းကိစ္စကို ယနေ့(ဧပြီလ ၁၆ ရက်)တွင် ကျင်းပမည့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တာဝန်ရှိသူများက ဆက်လက်ဆွေးနွေးသွားလိမ့်မည်ဖြစ်ကြောင်း AP က ဖော်ပြထားသည်။

ကုလသမဂ္ဂသည် အတိတ်ကာလ၌ မြန်မာစစ်ဘက်ဆိုင်ရာခေါင်းဆောင်များကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ စီးပွားရေးပိတ်ဆို့ခြင်းများဖြင့် အရေးယူခဲ့ဖူးသော်လည်း ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းခြင်းမျိုး မရှိခဲ့ဖူးကြောင်း သတင်းမီဒီယာအချို့ကလည်း မှတ်ချက်ပေးအပ်ထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် မြန်မာ့တပ်မတော်ကို အမည်ပျက်စာရင်းသွင်းကြောင်း အစီရင်ခံစာကို လုံခြုံရေးကောင်စီထံသို့ ပေးပို့ထားပြီဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး၏ လက်ထောက်အတွင်းရေးမှူး မစ္စ အာဆူလာ မူလာက ၎င်း၏မြန်မာပြည်ခရီးစဉ်အပြီးတွင် ရေးသားတင်ပြလာသော အစီရင်ခံစာကို ထောက်ချင့်ပြီးနောက် မြန်မာ့တပ်မတော်ကို အမည်ပျက်စာရင်းသွင်းရန် အန်တိုနီယို ဂူတာရက်စ်က ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။

အန်တိုနီယို ဂူတာရက်စ်သည် လုံခြုံရေးကောင်စီထံသို့ တင်ပြလိုက်သည့်အစီရင်ခံစာတွင် မြန်မာ့တပ်မတော်အနေနှင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု များစွာရှိခဲ့ကြောင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများလည်းရှိခဲ့ကြောင်း ထည့်သွင်းရေးသားထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတကာဆေးဘက်ဆိုင်ရာ ၀န်ထမ်းများကလည်း မြန်မာနိုင်ငံမှနေ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာ(မူရင်းသတင်းတွင် ဖော်ပြသည့်အတိုင်း ဘာသာပြန်ဆို သုံးနှုန်းထားခြင်းဖြစ်ပါသည်)ဒုက္ခသည်အရေအတွက်မှာ ခုနစ်သိန်းနီးပါးရှိကြောင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းခံခဲ့ရသူများမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အနာတရများ ယခုအချိန်တိုင်သည်အထိ ရှိနေဆဲဖြစ်ကြောင်း အန်တိုနီယို ဂူတာရက်စ်ထံ သတင်းပေးပို့ခဲ့သည်ဟု တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းစာက ရေးသားထားသည်။

အန်တိုနီယို ဂူတာရက်စ်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်တွင် လုပ်ဆောင်ခဲ့သော နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များ၌ မြန်မာ့တပ်မတော်ဘက်က ယင်းသို့သောအမှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပြီး လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကမ္ဘာတစ်ဝန်းမှ အစိုးရ၊ သူပုန်နှင့် အစွန်းရောက်အဖွဲ့အစည်းစုစုပေါင်း ၅၁ ခုအကြောင်းကို ဆွေးနွေးလိမ့်မည်ဟု ကြေညာချက်များလည်း ထွက်ပေါ်နေသည်။

E-11

  • TAGS