News

POST TYPE

POPULAR POST

သြင်္ကန်အကျနေ့ ရန်ကုန်ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရသူ ၁၇၇ ဦး ရောက်
15-Apr-2018
ရန်ကုန်၊ ဧပြီ ၁၅

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ဧပြီလ ၁၄ ရက် (သြင်္ကန်အကျနေ့) ၌ ယာဉ်မတော်တဆမှုနှင့် ခိုက်ရန် ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာ ၁၇၇ ဦး တက်ရောက်ခဲ့ကြောင်း ဆေးရုံအုပ်ဒေါက်တာခင်သင်္ဂီမြင့်က ပြောကြားသည်။

“မနေ့က ရန်ကုန်မြို့မှာ ကြီးကြီးကျယ်ကျယ် ဖြစ်တာမရှိဘူး။ ညနေပိုင်းမှာ အခြားဆေးရုံအသီးသီးက လွှဲလိုက်တဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ အများဆုံးပါတယ်။ သေဆုံးလူနာလည်း မရှိပါဘူး"ဟု ၎င်းကဆိုသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအနက် ယာဉ်မတော်တဆမှု ၇၇ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားမတော်တဆမှု ၁၀၀ ဦးရှိကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနထံမှ သိရသည်။

ယင်းထိခိုက်ဒဏ်ရာရရှိမှု ပမာဏသည် ရန်ကုန်ဆေးရုံကြီးတစ်ခုတည်း၏ စာရင်းဖြစ်ပြီး ဧပြီလ ၁၃ ရက်(သြင်္ကန်အကြိုနေ့) တွင်မူ ထိခိုက်ဒဏ်ရာရရှိသူ ၁၅၉ ဦးအနက် ယာဉ်မတော်တဆမှုကြောင့် တစ်ဦး သေဆုံးခဲ့သည်။

သြင်္ကန်ကာလအတွင်း သွေးထွက်သံယိုကိစ္စနှင့် လူအစုလိုက်အပြုံလိုက် ထိခိုက်အန္တရာယ် ကြုံတွေ့ပါက အရေးပေါ် ကုသပေးရန်လည်း ဝန်ထမ်းအင်အားတိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းကုသရေးဦးစီးဌာနထံမှ သိရသည်။

ယခင်နှစ် သြင်္ကန်ကာလအတွင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ထိခိုက်ဒဏ်ရာရရှိပြီး တက်ရောက်ကုသသူများအနက်မှ သေဆုံးသူ ၉ ဦးခန့်ရှိကြောင်း ယင်းဆေးရုံမှတ်တမ်းများအရ သိရသည်။

J-17