News

POST TYPE

POPULAR POST

ရန်ကုန်နှင့် ဒေသအချို့ နေရာကွက်ကျား မိုးရွာမည်
15-Apr-2018
ရန်ကုန်၊ ဧပြီ ၁၅

သြင်္ကန်ကာလ ဧပြီလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အနောက်ဘက်မှ လာသည့်လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသည့် လေနွေးများ စုဆုံမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဒေသအလိုက် မိုးထစ်ချုန်းရွာနိုင်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

နွေကာလ နေ့အပူချိန်များမြင့်တက်နေမှုကြောင့် မိုးတိမ်တောင်များအဖြစ်များပြီး ယင်းမိုးတိမ်တောင်များရွေ့လျားရာ လမ်းတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေကျခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်တို့ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်များက သတိပေးပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ပြီး မိုးကြိုးပစ်ခြင်းကြောင့်လည်း လူသေဆုံးမှု ရှိခဲ့သည်။

E-03