News

POST TYPE

POPULAR POST

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် VAR စနစ်အတွက် အထောက်အကူပေးမည့် အထူးမျက်မှန်များကို ဒိုင်လူကြီးများ တပ်ဆင်မည်
14-Apr-2018

ဇူးရစ်ချ်၊ ဧပြီ ၁၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးများကို နည်းပညာအထောက်အကူပြုပစ္စည်းတစ်ခု တပ်ဆင်ပံ့ပိုးသွားမည်ဖြစ်ပြီး ယင်းပစ္စည်းမှာ VAR စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးရသည့်ဖြစ်စဉ်များကို လွယ်လင့်တကူ ကြည့်ရှုနိုင်စေမည့် အထူးမျက်မှန်များဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖီဖာက ဒိုင်လူကြီးများအတွက် စီစဉ်ပေးသွားမည့် ယင်းနည်းပညာမြင့်မျက်မှန်များတွင် သရီးဒီ ဒစ်ဂျစ်တယ် ပုံရိပ်ဖော်ပြ မျက်နှာပြင်တစ်ခု ပါဝင်လိမ့်မည်ဖြစ်ပြီး ယင်းအတွက် VAR စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်သည့် အငြင်းပွားဖွယ်ရာဖြစ်စဉ်များတွင် ဒိုင်လူကြီးက ကွင်းနံဘေးသို့သွားရောက်၍ ရုပ်သံကင်မရာကို စစ်ဆေးရန် မလိုအပ်တော့ဘဲ အဆိုပါအထူးမျက်မှန်ကတစ်ဆင့် ပုံရိပ်များကို ဖမ်းယူကြည့်ရှုသွားနိုင်တော့မည်ဖြစ်သည်။

နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော ဆိုနီသည် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီးများတပ်ဆင်ရန် လိုအပ်မည့် ယင်းအထူးမျက်မှန်များကို တာဝန်ယူဖန်တီးပေးသွားမည်ဖြစ်ပြီး ယင်းအထူးမျက်မှန်တစ်လက်၏တန်ကြေးမှာ ပေါင်ငါးထောင်ရှိလိမ့်မည်ဟု ဖီဖာအကြီးတန်းအရာရှိတစ်ဦးက အသိပေးသွားခဲ့သည်။

ဖီဖာသည် VAR စနစ်အတွက် အထောက်အကူပေးမည့် အထူးမျက်မှန်များကို များမကြာမီတွင် ဘောလုံးပွဲအချို့၌ ဒိုင်လူကြီးများကို စမ်းသပ်တပ်ဆင်သွားစေမည်ဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဘောလုံးလောကကို ကြီးစွာအထောက်အကူပြုမည့် နည်းပညာသစ်များ ထွက်ပေါ်လာသည့် ပြိုင်ပွဲကြီးဖြစ်လာလိမ့်မည်ဟုလည်း ဖီဖာက ပြောကြားထားသည်။



  • VIA