News

POST TYPE

POPULAR POST

အစိုးရဘက်က ထုတ်ပြန်ထားသည့် သတိပေးချက်ကို လက်မခံနိုင်ကြောင်း ထိုင်းအမျိုးသမီးများ တန်ပြန်လှုပ်ရှားမှု လုပ်ဆောင်
14-Apr-2018


ဘန်ကောက်၊ ဧပြီ ၁၃

ထိုင်းနိုင်ငံရှိအမျိုးသမီးများသည် အစိုးရအာဏာပိုင်များက ဆောင်ခရန်ရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲရာ၌ လျှပ်ပေါ်လော်လည်သည့် အဝတ်အစားများ မဝတ်ဆင်ရန် သတိပေးချက်ထုတ်ပြန်ထားသည်ကို ၎င်းတို့အနေနှင့် လက်မခံနိုင်ကြောင်း တန်ပြန်လှုပ်ရှားမှုတစ်ရပ် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ယင်းလှုပ်ရှားမှုကို “ဘယ်လိုဝတ်စားဆင်ယင်ရမယ်ဆိုတာ ငါတို့ကို လာမပြောနဲ့(Don’t tell me how to dress)”ဟု အမည်ပေးအပ် မှည့်ခေါ်ထားကြောင်း BBC က ဖော်ပြထားသည်။

ဆောင်ခရန်ရေသဘင်ပွဲတော်ကာလတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာစော်ကားမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လာအပြီးတွင် ထိုင်းအစိုးရအာဏာပိုင်များက အမျိုးသမီးများကို အဝတ်အစားဝတ်ဆင်ရာတွင် သတိပြု၍ လုံခြုံစွာဝတ်စားဆင်ယင်ကြရန် တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အမျိုးသမီးများကမူ လိင်ပိုင်းဆိုင်ရာစော်ကားမှုဟူသည်မှာ အဝတ်အစားဝတ်စားဆင်ယင်မှုနှင့်မသက်ဆိုင်ဘဲ ကျူးလွန်သူ၏ စိတ်အခြေခံနှင့်သာ သက်ဆိုင်သည်ဟု တုံ့ပြန်ပြောဆိုသွားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့အစည်းများသည် ဆောင်ခရန်ရေသဘင်ပွဲတော်မှာ ရိုးရာအစဉ်အလာပွဲတော်တစ်ခုအဖြစ်မှနေ၍ သွေဖည်မှုများရှိလာခဲ့ပြီဖြစ်ပြီး အန္တရာယ်ရှိသောပွဲတော်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲနေပြီဟု မှတ်ချက်ပေးထားကာ ဆောင်ခရန်ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲသော် အမျိုးသမီးများအနက်မှနေ၍ ၆၀ ရာခိုင်နှုန်းခန့်သောပမာဏမှာ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု တစ်ခုမဟုတ်တစ်ခုဖြင့် ကြုံဆုံကြရလေ့ရှိသည်ဟုလည်း ၎င်းတို့က စစ်တမ်းထုတ်ပြန်ထားသည်။

ဆောင်ခရန်ရေသဘင်ပွဲတော်တွင် မျက်နှာကို ဆပ်ပြာမှုန့်များ၊ ဆပ်ပြာမြှုပ်များဖြင့်ပွတ်သော အပြုအမူသည် ယခုနောက်ပိုင်းနှစ်များတွင် ပိုမိုရေပန်းစားတွင်ကျယ်လာပြီး အမျိုးသားများမှာ အမျိုးသမီးများကို ယင်းသို့ ဆပ်ပြာမှုန့်များ၊ ဆပ်ပြာမြှုပ်များ အသုံးပြု၍ မျက်နှာများကို ပွတ်လိုက်အပြီးတွင် မျက်စိများကျိန်းစပ်နေချိန်၌ ရင်သားများနှင့် တင်သားများကို ကိုင်တွယ်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားလေ့ရှိကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။