News

POST TYPE

POPULAR POST

အဆိုတော် အစ္စဏီကို မုဒိမ်းမှုဖြင့် ဖမ်းဆီး
13-Apr-2018
ရန်ကုန်၊ဧပြီ ၁၃

လူငယ်ကြိုက်သီချင်းများဖြင့်နာမည်ရလာခဲ့သူ အဆိုတော် အစ္စဏီကို ရည်းစားဟောင်း မော်ဒယ် အမျိုးသမီးအပေါ် ကိုယ် ထိလက်ရောက်ကျူးလွန်ပြီး သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊မဟာမြိုင်အိမ်ယာဝင်းနေ အသက် ၃၂ နှစ် အဆိုတော် အစ္စဏီ(ခ)ဟန်ထွန်းဇော်မှာ ဧပြီလ ၁၂ ရက်၊နံနက် ၃ နာရီခန့်က ၎င်း၏ ရည်းစားဟောင်းဖြစ်သူ အသက် ၂၇ နှစ်ရှိ မော်ဒယ်အမျိုးသမီးမှ ကမ္ဘာအေးဘုရား လမ်းရှိ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေသောကြောင့် ဖုန်းဆက်သွယ်၍ ဆိုင်မှ ပြန်ထွက်လာရန် ပြောဆိုခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“သူ့ရည်းစားက သူငယ်ချင်းတွေနဲ့အတူ အရက်ဘားကို ရောက်နေလို့ သူက(အစ္စဏီ) လိုက်လာပြီး ဘားအပြင် ပြန်ထွက် လာဖို့ ဖုန်းဆက်ပြောခဲ့တယ်။ဒါပေမဲ့ ထွက်မလာတော့ ဆိုင်ထဲဝင်ပြီး ပြဿနာရှာတော့ သူ့ရည်းစားဟောင်းက ဆိုင်အပြင် ကို သူနဲ့အတူ ပြန်ထွက်လာတယ်။ ပြီးတော့ တက္ကစီ တစ်စီးငှားပြီး အမျိုးသမီး ငှားနေတဲ့ တိုက်ခန်းဆီ အတူပြန်သွား ကြရာက အခုလိုပြဿနာတွေ တက်ခဲ့တာလို့ သိရတယ်” ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုတော် အစ္စဏီမှာ ၎င်း၏ ရည်းစားဟောင်းဖြစ်သူ မော်ဒယ်အမျိုးသမီးနှင့်အတူ အငှားယာဉ်ဖြင့် အမျိုးသမီး ငှားရမ်း နေထိုင်သည့် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်၊ဓမ္မဝိဟာရလမ်းရှိ တိုက်ခန်းသို့ လိုက်လာခဲ့ပြီးနောက် အခန်းအတွင်း ရောက်ရှိစဉ် အမျိုးသမီး ဝတ်ဆင်ထားသည့်အင်္ကျီနှင့် စကတ်တို့ကို ၎င်းက ဆွဲချွတ်၍အဓမ္မပြုကျင့်ရန် ကြံစည်စဉ် အမျိုး သမီးမှ ရုန်းကန်ခဲ့သောကြောင့် ဆံပင်ကို ဆောင့်ဆွဲပြီး အခန်းထဲရှိ အဝတ်ဗီရိုမှန်နှင့် ကိုင်ဆောင့့်ခဲ့ကြောင်း တိုင်ချက်အရ သိရသည်။

ယင်းနောက် အစ္စဏီက ရည်းစားဟောင်း မော်ဒယ် အမျိုးသမီး၏ ခန္ဓာကိုယ်အား ကိုင်ညှစ်ပြီး ညာလက်ကို လှန်ချိုးသဖြင့် အမျိုးသမီးမှာ နာကျင်၍ သတိလစ်မေ့မြောသွားစဉ် ၎င်းက အဓမ္မ နှစ်ကြိမ် ပြုကျင့်ခဲ့ပြီးနောက် ရေဖြင့် ပက်ဖျန်းခဲ့သဖြင့် ပြန်လည်သတိရလာစဉ် အမျိုးသမီး၏ ခြေထောက်ကို ဗီဒိုမှန်ဖြင့် ခြစ်ခဲ့ကြောင်း တိုင်ချက်တွင် ပါရှိခဲ့ပြီး အမျိုးသမီးမှ ထွက် ပြေးရန် ကြိုးစား၍ မရသဖြင့် အိမ်သာတက်လိုကြောင်း ပြောဆိုပြီး အိမ်သာတံခါး လော့ချ၍ ၎င်း၏ ခင်မင်ရင်းနှီးသူ အမျိုးသမီးထံ ဖုန်းဆက်အကူအညီတောင်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖုန်းဆက်အကူအညီတောင်းလိုက်တဲ့ အမျိုးသမီးက ရပ်ကွက်လူကြီးတွေ ခေါ်ပြီး သူ့သူငယ်ချင်းကို လာကယ်ခဲ့တယ်။ အမှုဖွင့်တိုင်ကြားခံရသူ အစ္စဏီကိုလဲ ဖမ်းဆီးထားပါတယ်။ တစ်ဖက်က အမှုဖွင့်တိုင်ကြားထားသလို ဒီဘက်မှာကလဲ လိုအပ်တဲ့ ဆေးစစ်ချက်တွေနဲ့အတူ အမှုဖွင့်တိုင်ကြားခံရသူကို ဖမ်းဆီးပြီး အသေးစိတ် စစ်ဆေးမေးမြန်းမှုတွေ လတ်တ လော ဆောင်ရွက်နေပါတယ်” ဟု ရဲအရာရှိက ရှင်းပြသည်။

ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပြီး အဓမ္မပြုကျင့်ခံရသူဟုဆိုသော အဆိုတော် အစ္စဏီ၏ ရည်းစားဟောင်း မော်ဒယ် အမျိုးသမီးမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့တွင် နာကျင်ဒဏ်ရာများ ရခဲ့ပြီး နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာနှင့် အပေါ်သွား တစ်ချောင်း ကျွတ်ထွက်ခဲ့သောကြောင့် တာမွေမြို့မရဲစခန်းက အဆိုတော် အစ္စဏီကို ဖမ်းဆီး၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၂၅/၃၂၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03