News

POST TYPE

POPULAR POST

ငါးခူးရရွာမှ မီးဘေးသင့်သူများ အထက်တန်းကျောင်းတွင် ခိုလှုံ
13-Apr-2018
စစ်တွေ၊ဧပြီ ၁၃

မောင်တောမြို့နယ် ငါးခူးရဟိန္ဒူကျေးရွာတွင် မီးကြွင်း၊မီးကျန်မှတစ်ဆင့် လောင်ကျွမ်းခဲ့သော မီးကြောင့် နေအိမ် ၆၅လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်သူများကို အထက်တန်းကျောင်းတွင် ထားရှိကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ငခူရဟိန္ဒူကျေးရွာ၌ ဧပြီလ ၁၂ ရက်၊မွန်းလွဲ ၁ နာရီအချိန်က နေအိမ် ၆၅ လုံး မီးလောင်ဆုံး ရှုံးခဲ့၍လူပေါင်း ၄၁၉ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနထံမှသိရသည်။ 

အိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ဒုက္ခရောက်ခဲ့သူများအား လက်ရှိအချိန် ငခူရကျေးရွာ အထက်တန်းကျောင်းတွင် ထားရှိသည့် အပြင် ဆန်၊ဆီ၊ဆား၊အိုးခွက်ပုဂံစသည့် ပစ္စည်းများကို ကူညီထောက်ပံ့ပေးထားကြောင်း ဦးမြင့်ခိုင်က ပြောကြားသည်။ 

ယင်းသို့ မီးလောင်ရခြင်းမှာ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးလောင်ခြင်းဖြစ်ပြီး မီးလောင်နေချိန်၌လည်း လေပြင်းထန် သောကြောင့် မီးသတ်ကား မီးငြိမ်းနိုင်ရန်အခက်အခဲရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါကျေးရွာသည် ဘင်္ဂလားဒေ့ရု်နိုင်ငံနှင့် နီးစပ်သောကြောင့် တစ်ဖက်နိုင်ငံမှ နေ၍ ရေကြောင်းလမ်းမှ ဝင်ရောက် သူများအတွက် ငခူရလက်ခံရေးစခန်းဖွင့်လှစ်ထားသော ကျေးရွာတစ်ခုဖြစ်ပြီး ရခိုင်တိုင်းရင်းသား၊ ဘင်္ဂလီလူမျိုးများ နှင့် ဟိန္ဒူဘာသာဝင်များနေထိုင်ကြသော ကျေးရွာတစ်ခုဖြစ်သည်။ 

R-22