News

POST TYPE

POPULAR POST

ဓားထိုးမှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို လာရှိုးမြို့တွင် ဖမ်းမိ
13-Apr-2018


လားရှိုး၊ဧပြီ ၁၃

ပျဉ်းမနားမြို့ ရွှေသံလမ်းထမင်းကြော်ဆိုင်တွင် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ခဲ့ပြီး လူသေဆုံးခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးဖြစ်သူ စိုးမင်းသန်းသည် လားရှိုးမြို့တွင် လာရောက်တိမ်းရှောင်စဉ်ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးခရိုင် ရဲတပ်ဖွဲ့ထံမှသိရသည်။

ဧပြီလ ၅ ရက်၊ညပိုင်းက ပျဉ်းမနားမြို့ ရာဇဌာနီလမ်း၊ပန်းခင်းမီးပွိုင့်အနီး သံလမ်းဘေးရှိ ရွှေသံလမ်းထမင်းကြော်ဆိုင်တွင် လူငယ် နှစ်ဆယ်ဦးခန့် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ကာ လူသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

နေပြည်တော်ဒက္ခိဏသီရိခရိုင်ရဲတပ်ဖွဲ့က လားရှိုးခရိုင်ရဲတပ်ဖွဲ့ထံသို့ စိုးမင်းသန်း၏ဓာတ်ပုံနှင့်တကွ ဧပြီလ ၁၁ ရက်၊ည ၈နာရီ၁၅မိနစ်က ဆက်သွယ်အကြောင်းကြားလာသဖြင့် ရှာဖွေခဲ့ရာ ည ၁၀နာရီ ၃၀ မိနစ်တွင် စိုးမင်းသန်းကို လားရှိုးမြို့ ပါရမီလမ်းမှာရှိ စားသောက်ဆိုင်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် ငြိမ်းဆွေက ပြောကြားသည်။ 

ပျဉ်းမနားမြို့ပေါင်းလောင်းလမ်း၊တိုးချဲ့ ၃လမ်းနေ စိုးမင်းသန်းကို အဆိုပါလူသတ်မှုဖြစ်စဉ်တွင်ပါဝင်ပတ်သက်နေကြောင်း ပေါ်ပေါက်သဖြင့် ပျဉ်းမနားမြို့မရဲစခန်းက(ပ) ၁၆၈/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ထားသည်။

R-07