News

POST TYPE

POPULAR POST

သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းမိ
13-Apr-2018
ကျိုင်းတုံ၊ဧပြီ ၁၃

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ယမ်းခေါင်ကျေးရွာမှ စန်းလုကျေးရွာသွားတောလမ်းတွင် ကျပ်သိန်း ၂၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဆက်နွယ်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့ အမှတ် ၃၀ မူးယစ်တပ်ဖွဲ့စုထံမှသိရသည်။

အဆိုပါတောလမ်းတွင် ဧပြီလ ၁၁ ရက်၊ ည ၆ နာရီခွဲခန့်က အမျိုးသားနှစ်ဦး စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၂၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရာမှ ထိုင်းနိုင်ငံသား နှစ်ဦး အပါအဝင် ဆက်စပ်သူလေးဦး ထပ်မံ ဖမ်းဆီးရမိကြောင်း အဆိုပါ တပ်ဖွဲ့စုထံမှ ဆက်လက် သိရသည်။

အဆိုပါရက်က တာချီလိတ်မြို့မှ မိုင်းဆတ်ဖက်သို့ အမျိုးသားနှစ်ဦး စီးနင်းလာသည့် Fortuner ယာဉ်ကို စစ်ဆေးခဲ့ရာ ကျပ်သိန်း ၁၉၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈,၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ထပ်မံ၍ တာချီလိတ်မြို့ ပလက်တီနမ်စတားဟိုတယ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား လေးဦးထံမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါ းသုံးစွဲသည့် ကိရိယာများ အပါအဝင် ထိုင်းနိုင်ငံသုံး ဘတ်ငွေများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၂၉ နှစ်မှ ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသား ခြောက်ဦးနှင့် အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသား ဇနီးမောင်နှံ နှစ်ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများအရ သီးခြားစီ အရေးယူထားကြောင်း တာချီလိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

R-16