News

POST TYPE

POPULAR POST

လီဗာပူးကို အရေးယူရန် ယူအီးအက်ဖ်အေ စွဲချက်တင်
10-Apr-2018

မန်ချက်စတာ၊ ဧပြီ ၁၀

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးက မန်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် မန်စီးတီးအသင်း စီးနင်းလာသောဘတ်စ်ကားကို လီဗာပူးပရိသတ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောဖြစ်စဉ်အတွက် လီဗာပူးအသင်းကို အရေးယူရန် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

လီဗာပူးပရိသတ်များသည် မန်စီးတီးကစားသမားများ စီးနင်းလိုက်ပါလာသည့် ဘတ်စ်ကားကို ဘီယာပုလင်းများ၊ မီးခိုးဗုံးများ၊ မီးကျည်များဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ၎င်းတို့ကို လုံလောက်သည့်အကာအကွယ်တစ်ရပ်ပေးရန် ပျက်ကွက်ခဲ့သော လုံခြုံရေးတာဝန်ကျရဲဝန်ထမ်းများကို ဂွါဒီယိုလာက အလွန်အမင်း ဒေါသပေါက်ကွဲလျက်ရှိသည်။

ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လက်ရှိတွင် ဖြစ်စဉ်နှင့်သက်ဆိုင်သော သက်သေခံအထောက်အထားများကို စတင်စုစည်းနေပြီဖြစ်ကာ အမှုအတွက် အပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့် မေလ ၃၁ ရက်နေ့တွင် ချမှတ်သွားမည်ဖြစ်ကြောင်းလည်း ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

မန်စီးတီးအသင်းသည် လီဗာပူးပရိသတ်များ၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၎င်းတို့၏ဘတ်စ်ကားတွင် ပြတင်းပေါက်မှန်တစ်ချပ် ကွဲကြေပျက်စီးသွားခဲ့ကြောင်း အသိပေးထားပြီး လက်ရှိတွင် ယင်းဖြစ်ရပ်အတွက် မန်စီးတီးအသင်းနှင့်သက်ဆိုင်သူများအားလုံးကို လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က  ဝန်ချတောင်းပန်ထားပြီလည်းဖြစ်သည်။

လီဗာပူးအသင်းပရိသတ်များသည် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေချိန်တွင်လည်း ဘောလုံးကွင်းအတွင်းသို့ အရာဝတ္ထုပစ္စည်းဖြင့် ပစ်ပေါက်ခဲ့ကြပြီး လီဗာပူးအသင်းကို အသင်းအားပေးသူပရိသတ်များ၏ကွင်းတွင်းကွင်းပြင်လုပ်ရပ်များအတွက် စွဲချက်နှစ်ခုဖြင့် အမှုစွဲဆိုထားကြောင်း ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီတာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသွားခဲ့သည်။

ဂွါဒီယိုလာသည် လီဗာပူးပရိသတ်ဆိုးများ၏ယင်းသို့အနှောင့်အယှက်ပေးမှုကြောင့် ပွဲမကစားမီကတည်းကပင် ၎င်းတို့အတွက် စိတ်ပိုင်းဆိုင်ရာထိုးနှင်ချက်တစ်ရပ်ဖြစ်ခဲ့ရသည်ဟု အသိပေးသွားခဲ့ပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကမူ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်မှာ ပရိသတ်ဆိုးတစ်စု၏လုပ်ရပ်သာဖြစ်ကြောင်း၊ လီဗာပူးတစ်သင်းလုံးနှင့် မသက်ဆိုင်သည်ကို မန်စီးတီးဘက်က နားလည်ပေးစေလိုကြောင်း ၎င်း၏ဝန်ချတောင်းပန်စကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။



  • VIA