News

POST TYPE

POPULAR POST

တောင်ကြီးလမ်းလျှောက်သြင်္ကန်ပွဲ ပျက်
10-Apr-2018


ကျိုင်းတုံ၊ ဧပြီ ၁၀

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သြင်္ကန်ပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း မကျင်းပဖြစ်တော့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မဟာသြင်္ကန်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

"လမ်းလျှောက်သြင်္ကန်ပွဲ ကျင်းပမယ့် မိန်းလမ်းမကြီးက ယာဉ်အသွားအလာများတဲ့အတွက် ယာဉ်ကြောပိတ်ဆို့ပြီး အန္တရာယ်ဖြစ်မှာစိုးလို့ ဒီနှစ်တော့ မလုပ်ဖြစ်တော့ပါဘူး။အခြားသင့်တော်မယ့် လမ်းရှာဖို့က အချိန်မရတော့တာမို့ နောက်နှစ်ဆိုရင်တော့ သင့်တော်တဲ့လမ်းရွေးချယ်ပြီး ကျင်းပပေးမှာပါ"ဟု၎င်းကဆိုသည်။
အစိုးရအဖွဲ့ရုံးစိုက်ရာ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးသည် တစ်ခုတည်းသော အဓိကလမ်းမကြီးဖြစ်၍ ယာဉ်ကြောပိတ်ဆို့မည်ကို စိုးရိမ်သည်ဟုဆိုကာ အစိုးရအဖွဲ့အနေနှင့် ကြေညာထားသည့် လမ်းလျှောက်သြင်္ကန်ပွဲ ကျင်းပမည့်အစီအစဉ်ကို ဖျက်ခြင်းသည် မဖြစ်သင့်ကြောင်း ယင်းမြို့ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

တောင်ကြီးမြို့ ယခုသြင်္ကန်ပွဲတော်ရက်အတွင်း သြင်္ကန်ယိမ်း အကပြိုင်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ ငါးလွှတ်ပွဲများကျင်းပမည်ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃၅၀၀ ကျော် ချထားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရထံမှ သိရသည်။

R-16